Friday, May 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

    မော်လမြိုင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

    -

    မင်းသူရိန်(မော်လမြိုင်၊ စက်တင်ဘာ ၃)

    မော်လမြိုင်မြို့ပေါ်တွင် စက်တင်ဘာလ ၂ ရက် ည ၁၀ နာရီကျော်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။

    မော်လမြိုင်မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် ရွှေမြိုင်သီရီ၊ ကျိုက်ဖနဲ၊ လှိုင်၊ အောက်ကျင်း၊ ညောင်ပင်ဆိပ်၊ ဇေယျာသီရိနှင့် ဖက်တန်းရပ်ကွက် အဓိကပျက်စီးမှုများခဲ့ပြီးမော်လမြိုင်အကျဉ်းထောင်ရှေ့တွင် သစ်ပင်များလဲပြိုခြင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့အမိုးလန်၍ပျက်စီးခြင်း၊ ဓါတ်တိုင်၊ဓါတ်တိုင်များလဲပြိုခြင်း၊ လျှပ်စစ်မီးကြိုးများပြတ်တောက်ခြင်း၊ အုန်းပင်များနေအိမ်အပေါ် ပိကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

    “စာရင်းကောက်ထားတဲ့ ရပ်ကွက်နှစ်ခုပေါ့။ အဓိကအများဆုံးထိသွားတာက ကျိုက်ဖနဲနဲ့ ရွှေမြိုင်သီရီပေါ့၊ အဲရပ်ကွက်နှစ်ခုမှာ လမ်းတွေ မပါသေးဘူး။ အိမ်ထောင်စု ၂၂၀ ကျော်လောက်တော့ ထိခိုက်ပျက်စီးသွားတယ်”ဟု ဦးဝေလင်းထွန်းက ဆိုသည်။

    အဆိုပါရပ်ကွက်များသည် ရေကြီးမှုကိုသာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော်လည်း ယခုကဲ့သို့ လေပြင်းတိုက်ခတ်မှုဒဏ်ကို ပထမဆုံးအကြိမ်ခံစားရခြင်းဖြစ်ကြောင်း ရွှေမြိုင်သီရီရပ်ကွက်တွင် နေထိုင်သူ ကိုသားငယ်က ပြောသည်။

    ကိုသားငယ်က “လေဆင်နှာမောင်း အသံကြီးကလည်း မသိရင် လေယာဉ်ပျံဆင်းလာတဲ့အတိုင်းပဲ၊ အကျယ်ကြီးနဲ့ မီးကလည်း ပျက်သွားတော့ တော်တော်ခြောက်ခြားဖို့ ကောင်းတယ်”ဟု ဆိုသည်။

    မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် နေအိမ် ၂၂၀ ကျော် အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းနှင့် လုံးဝပြိုကျပျက်စီခြင်းများ ရှိခဲ့ပြီး ပျက်စီးသွားသော အိမ်ထောင်စုများကို ပြန်လည်ထောက်ပံ့ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    “ညကတဲ့က ဖြစ်ဖြစ်ချင်း လမ်းမှာပိတ်နေတဲ့ သစ်ပင်ကြီးတွေကို ရှင်းလင်းတယ်၊ အိမ်မှာ ပိနေတဲ့ သစ်ပင်တွေကို ရှင်းလင်းတယ်၊ မနက် ၄ နာရီလောက် ခဏနားပြီး အခု ရှင်းလင်းရေးတွေ ဆက်လက်နေတယ်”ဟု ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုနေမျိုးက ပြောဆိုသည်။

    အလားတူ အခြားမြို့နယ်များတွင်လည်း ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည်ဟု ဆိုရှယ်မီဒီယာများပေါ်မှ ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့သော်လည်းအထိအခိုက်ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာမှ စာရင်းပြုးစုလျက်ရှိပြီး လတ်တလောတွင် တရားဝင်သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

    Photo-မော်လမြိုင်မြို့ပေါ်မှ လေဆင်နှာမောင်းဒဏ်ခံရသည့်နေအိမ်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks