Homeသတင်းမွန်ပြည်နယ် မဲစာရင်းပြုစုရန် ငွေကျပ်သိန်း ၄၈၀ ကျော်အသုံးပြုမည်

မွန်ပြည်နယ် မဲစာရင်းပြုစုရန် ငွေကျပ်သိန်း ၄၈၀ ကျော်အသုံးပြုမည်

-

ဝံသမွန်(မော်လမြိုင်၊ ဇူလိုင် ၂၇)

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းပြုစုသည့်ကာလတွင် မွန်ပြည်နယ်အတွက် ဘတ်ဂျက်ငွေကျပ်သိန်း ၄၈၀ ကျော်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးဟိဏ်းလင်းထက်က “ရပ်ကျေးကော်မတီတွေကို သင်တန်းပေးတဲ့နေရာမှာရယ်၊ သင်တန်းပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် ၃၉၀၀ ဦးရဲ့ စားစရိတ်တွေအတွက်ရယ်၊ မဲစာရင်းပြုစုရေးကာလ တစ်လျှောက်လုံး ကုန်ကျစရိတ်အားလုံးကို အဲဒီ သိန်း ၄၈၀ ထဲမှာပဲသုံးသွားမယ် ” ဟု ပြောသည်။

မဲစာရင်းပြုစုကာလကို စက်တင်ဘာလကုန်အထိ စီမံချက်ချထားသော်လည်း ရေကြီးသည့်ဒေသတွင် အခက်အခဲဖြစ်နေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ကောက်ယူရရှိသည့်စာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကိုတင်ပြပြီး ထိုမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးဌာနကို ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။

ဦးမင်းနိုင်က “လဝက ကိုတင်တယ်ဆိုတာက အဓိကမှတ်ပုံတင်စာရင်းတွေပေါ့နော်၊ မှတ်ပုံတင် ရှိ မရှိ နောက်တစ်ခုက ပယ်ရမယ့်လူတွေပေါ့နော်၊ ပယ်ရမယ့်လူတွေဆိုတာက ဘုန်းကြီး အမြဲဝတ်တဲ့လူတွေ၊ သေသွားတဲ့လူတွေနဲ့ စိတ်မနှံ့တဲ့လူတွေ အဲဒီပုဂ္ဂိုလ်တွေကို ပယ်တယ်ပေါ့” ဟု ဆိုသည်။

သို့ရာတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဘီးလင်းမြို့နယ် ဘောနော်ခီကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာတွင်် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲထည့်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။

လောလောဆယ်တွင် ရွေးကောက်ပွဲအတွက် မဲစာရင်း ၃ သိန်း ၇ သောင်း ပြုစုရရှိထားပြီး မွန်ပြည်နယ်အတွင်း မဲရုံပေါင်း ၉၄၀ ရုံဖွင့်ရန် လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၉၁၉ ရုံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


Photo-၂၀၁၅ မဲစာရင်းကြည့်ကြပါစို့ နှိုးဆော်ချက်(Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts