spot_img
Thursday, January 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးPPST အဖွဲ့တွင် KNU ဆက်လက်ပါဝင်နေသည်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ကြိုဆို

    PPST အဖွဲ့တွင် KNU ဆက်လက်ပါဝင်နေသည်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ကြိုဆို

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၂၆)

    ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ဆက်လက်ပါဝင်နေသည်ကို ကြားသိရသည့်အတွက် ကြိုဆိုကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “KNU အနေနဲ့ အခု PPST နဲ့ ဆက်ပြီးတော့ ရှိနေတယ်လို့ ကျနော်တို့ ကြားသိရတဲ့အတွက် ဒါကိုလည်း ကျနော်တို့အနေနဲ့ ကြိုဆိုတယ်ပေါ့နော်၊ ပြီးတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူတို့က အခုတော့ တဖြည်းဖြည်း ပါဝင်တဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ချဉ်းကပ်မှု တခုဘဲလို့ ကျနော်တို့ကတော့အဲလိုဘဲနားလည်တယ် ကြိုဆိုတယ်လေ” ဟု ဦးလှမောင်ရွှေက ဆိုသည်။

    NCA လက်မှတ်ရေးထိုးခဲ့သည့် NCA-S EAO ၁၀ ဖွဲ့နှင့် အစိုးရကြား NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွင် ယမန်နှစ်က သဘောထားမတိုက်မှုများ ပိုမိုရှိလာသည့်အတွက် KNU မှ နိုင်ငံရေးဆွေးနွေးပွဲများ ခေတ္တဆိုင်းငံ့ခဲ့သလို သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ၏ တရားဝင်ဆွေးနွေးမှုများတွင် ခေတ္တဆိုင်းငံ့ခဲ့သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC- (၂၁) ရာစုပင်လုံညီလာခံကိုလည်း သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

    ဦးလှမောင်ရွှေက “ကျနော်တို့အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ကတော့ RCSS နဲ့ ၁၀ ကြိမ်၊ KNU နဲ့ ၉ ကြိမ် အလွတ်သဘော ကျနော်တို့ ဆွေးနွေးခဲ့တာရှိတယ်၊ နောက်ဆုံးကတော့ သြဂုတ်လ ၁၉ -၂၀ မှာ ဆွေးနွေးခဲ့တာတွေ ရှိတယ်ချင်းမိုင်မှာ၊ ကျနော်တို့ အစိုးရကိုယ်စားလှယ်တွေအဖွဲ့က ချင်းမိုင်မှာ သွားရောက်စဉ်အခါက အဆိုပြုချက် ၂ ချက်တွေ့ခဲ့ရပါတယ်၊ တခုကတော့ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ နေပြည်တော်မှာ အစိုးရခေါင်းဆောင်များနဲ့ တပ်မတော်ခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံနိုင်ဖို့နဲ့ NCA အလုပ်အဖွဲ့အချင်းချင်း ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ အစိုးရကိုယ်စားအဖွဲ့တွေ မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်” ဟု ပြောသည်။

    ယမန်နေ့က PPST ၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်ကိုတွေ့ရှိရသည့်အတွက် အစိုးရနှင့် NCA-S EAO တို့ မကြာမီတွင် ဆွေးနွေးပွဲများပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    PPST ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး(NMSP) က “ နောက်ဆက်လက်ပြီးတော့ ကျနော်တို့ အသေးစိတ်ဆွေးနွေးရဦးမယ်၊ အဲဒီမှာ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်အဆင့်ကို ကျနော်တို့ပြန်သုံးသပ်မယ်၊ ပြင်ဆင််မယ် ဖြည့်စွက်မယ်၊ အတည်ပြုချက်ယူရမယ်၊ နောက်ပြီးတော့ ကျနော်တို့ ဖက်ရယ်ပြည်ထောင်စု လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်ကိုလည်း ထပ်မံပြီးတော့ ဆွေးနွေးမယ်၊ နောက်ပြီး NCA အကောင်အထည်ဖော်မှုကိုလည်း ပြန်ပြီးဆွေးနွေးမှာပေါ့၊ ဒါတွေကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်က အကယ်၍များ လက်ခံမယ်ဆိုရင်တော့ UPC ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သွားဖို့ အဆင်သင့်ပါပဲ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    အလားတူ ၂၀၂၀ မတိုင်မီ အပစ်ရပ်စဲမှုခိုင်မာမှုရှိစေရန်သဘောတူညီမှုရယူပြီး ၂၀၂၀ အလွန် နောင်တက်လာမည့်အစိုးရများနှင့် ငြိမ်းချမ်းရေးဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် (၄/၂၀၁၉) PPST+2 အဖွဲ့အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ တင်းပြည့်အဖွဲ့ဝင်များအဖြစ်ပါဝင်လာသောကြောင့် PPST ကို (၁၀)ဖွဲ့ ဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန် NCA-S EAO (၁၀) ဖွဲ့မှ ကိုယ်စားလှယ် များပါဝင်သည့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိုနှိုင်းရေးအဖွဲ့” နှင့် “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့” ဟူ၍ အလုပ် အဖွဲ့ (၂)ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


    Photo- PPST+2 (၄/၂၀၁၉) အစည်းအဝေး(NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts