Tuesday, April 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNMSP ဥက္ကဌဟောင်း နိုင်နွန်လာကွယ်လွန်ခြင်း အနှစ် ၃၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

    NMSP ဥက္ကဌဟောင်း နိုင်နွန်လာကွယ်လွန်ခြင်း အနှစ် ၃၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(ဘုရားသုံးဆူ-သြဂုတ် ၈)

    မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်နွန်လာကွယ်လွန်ခြင်း အနှစ် ၃၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူကျောင်းတိုက်(ရှမ်းကုန်း)၌ ယနေ့တွင် ကျင်းပခဲ့သည်။

    အခမ်းအနားသို့ ဘုရားသုံးဆူကျောင်းတိုက်(ရှမ်းကုန်း) ဆရာတော် အရှင်ဟံသာရာဇာအမှူးပြုသော မွန်ဆရာတော်များ၊ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်နှင့် အဖွဲ့ဝင်များ၊ ဘုရားသုံးဆူဒေသအခြေစိုက် မွန်ညီညွတ်ရေးပါတီဝင်များနှင့် မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ နိုင်နွန်လာ၏ ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများနှင့် ဘုရားသုံးဆူမြို့ခံအချို့တက်ရောက်ခဲ့ကြသည်။

    “ဒီနေ့အခမ်းအနားဟာ ဆရာနိုင်နွန်လာ တစ်ဦးတည်းကိုရည်ရွယ်လုပ်ဆောင်တာမဟုတ်ဘဲ မွန်ပြည်သစ်ဥက္ကဌဖြစ်ခဲ့ကြတဲ့ နိုင်ရွှေကျင်၊ နိုင်ထင်တို့ကိုလည်း အောက်မေ့သတိရစွာနဲ့ ခေါင်းဆောင်အားလုံးအတွက် ဆုတောင်းအမျှဝေပါတယ်၊ အမျိုးသားရေးအတွက်အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်ပါ ဆုတောင်းပေးပါတယ်” ဟု ဆရာတော် အရှင်ဟံသာရာဇာက အခမ်းအနားတွင် မြွက်ကြားသည်။

    ဘုရားသုံးဆူအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ၈ လေးလုံးအရေးတော်ပုံ တစ်နှစ်ပြည့်မြောက် အခမ်းအနားတွင် နိုင်နွန်လာ သဘာပတိမိန့်ခွန်းပြောကြားနေစဉ် နှလုံးသွေးရပ်ပြီး စင်မြင့်ပေါ်ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

    အခမ်းအနားတွင် နိုင်နွန်လာ၏ အထုပ္ပတ္တိအား ရှင်းလင်းပြောကြားသူ မွန်ပြည်သစ်ပါတီ အမှတ်(၅) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး M စိုက်ချမ်းက “ဆရာနိုင်နွန်လာရဲ့အဆိုအမိန့်တွေ ရှိခဲ့ပါတယ်၊ တော်လှန်ရေးသမားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် မိမိတို့အလုပ်ကို လုပ်ကိုင်ဆောာင်ရွက်တဲ့အခါမှာ စည်းဝိုင်းဘောင်အတွင်းကနေ ရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်ရဲရမယ်၊ စည်းဝိုင်းဘောင်အတွင်းကနေ ရဲရဲဝံ့ဝံ့ပြုပြင်ရဲရမယ်၊ စည်းဝိုင်းဘောင်အတွင်းမှာပဲ ရဲရဲတောက် အသေခံရဲရမယ် ဆိုတဲ့ အဆိုအမိန့်တွေက ဒီကနေ့အထိ ကျန်ရစ်နေဆဲပါ” ဟု ပြောသည်။

    ထို့ပြင် နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးကိုလေ့လာရမှာဖြစ်သလို အမျိုးသားရေးဆောင်ရွက်ရာတွင် ညီညွတ်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မည်ဟု နိုင်နွန်လာ၏ အဆိုအမိန့်များ ရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    နိုင်နွန်လာ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီး ကျန်ရစ်သူ မိသားစုနှင့် ဆွေမျိုးတို့က အောက်မွေ့ဘွယ်အခမ်းအနားများ ဘုရားသုံးဆူဒေသတွင် ကျင်းပသကဲ့သို့ သူ၏ဇာတိ မုဒုံမြို့နယ် နှီးပဒေါကျေးရွာ၌ ရုပ်တုအမှတ်တရထားရှိကာ အလားတူအခမ်းအနားများ နှစ်စဉ်ကျင်းပကြလေ့ရှိသည်။

    နှီးပဒေါကျေးရွာ၌ ၁၉၁၇ ခုနှစ်တွင် နိုင်နွန်လာကိုမွေးဖွားခဲ့ပြီး ငယ်နာမည် “ဆိတ်နို့” ဟု၄င်း၊ အသက် ၂၂ နှစ်တွင် ရွာသူကြီးအဖြစ်၄င်း၊ အသက် ၃၁ နှစ်တွင် မွန်တော်လှန်ရေးစတင်ခဲ့သည့် မွန်ပြည်သူ့တပ်ဦးဗဟိုအလုပ်အမှုဆောင်အဖြစ်၄င်း၊ ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း ဦးနုအစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့စဉ် ပါဝင်ခဲ့သူ ထင်ရှားသောမွန်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    ထိုနောက် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင်အဖွဲ့များ ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပျက်ပြားသဖြင့် ဥပဒေဘောင်အတွင်းရှိ ထင်ရှားသော မွန်ခေါင်းဆောင်များနှင့်အတူ ထောင် ၁၀ နှစ်ကျခံခြင်း၊ ၁၉၇၄ ခုနှစ်တွင် ဥက္ကဌနိုင်ရွှေကျင် ဦးဆောင်သည့်မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခြင်း၊ ၁၉၈၀-၈၇ ခုနှစ် NMSP ပါတီနှစ်ဖွဲ့ကွဲစဉ် ဘုရားသုံးဆူဒေသအခြေခံသည့် မွန်ပြည်သစ်ပါတီ ဥက္ကဌဖြစ်လာခြင်း၊ ပါတီပြန်လည်ပေါင်းစည်းပြီးနောက် ၁၉၈၉ ခုနှစ်ပထမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံ၌ ဒု-ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည်ဟု နိုင်နွန်လာ၏အတ္ထုပ္ပတ္တိတွင် ဖော်ပြထားသည်။


    Photo- နိုင်နွန်လာကွယ်လွန်ခြင်း အနှစ် ၃၀ ပြည့် အခမ်းအနားအမှတ်တရဓါတ်ပုံ(MNA)




    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks