spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စုစည်းညီညွတ်မှုအားဖြင့်သာ ရယူနိုင်မည်ဟု MUP ဥက္ကဌဆို

    တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စုစည်းညီညွတ်မှုအားဖြင့်သာ ရယူနိုင်မည်ဟု MUP ဥက္ကဌဆို

    -

    ရွှေရိုး(မော်လမြိုင်၊ ဇူလိုင် ၂၇)

    တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိုင်းရင်းသားတို့၏ စုစည်းညီညွတ်မှုအားဖြင့်သာ ရယူနိုင်မည်ဖြစ်ကြောင်း ပါတီဗဟိုဌာနချုပ်ဆိုင်းဘုတ်တင်ပွဲအခမ်းအနား၌ မွန်ညီညွတ်ရေးပါတီ Mon Unity Party-MUP ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောကြားသည်။

    ဇူလိုင်လ ၂၇ ရက်က ကျင်းပသည့် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ညီညွတ်ရေးပါတီ ဗဟိုဋ္ဌာနချုပ် ဆိုင်းဘုတ်တင်အခမ်းအနားတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေညာချက်ကို မွန်ညီညွတ်ရေးပါတီအနေဖြင့် ကြိုဆိုသကဲ့သို့ မြေပြင်ပကတိအခြေအနေကို လက်ခံပြီး မည်သည့်နေရာဒေသကိုမှ ချန်လှပ်မထားဘဲ အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ပေးရန် တိုက်တွန်းပြောကြားလိုက်သည်။

    “တိုင်းရင်းသားအရေးကိစ္စတွေ နိုင်ငံရေးဆွေးနွေးစားပွဲဝိုင်းပေါ်ရောက်ဖို့ အခြေအနေပေးလာနေတဲ့ ယခုလိုအနေအထားမှာ စုစည်းညီညွတ်မှု မဖြစ်မနေတည်ဆောက်ဖို့ လိုအပ်နေတယ်”ဟု ၄င်းကပြောသည်။

    အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် စုစည်းညီညွတ်မှုကို မဖော်ဆောင်နိုင်သေးသည်မှာ မိမိတို့တိုင်းရင်းသားအားလုံး၏ အားနည်းချက်ကြောင့်ဖြစ်သည်ကိုလည်း ဝန်ခံရမှာဖြစ်ပြီး မည်သည့်နိုင်ငံရေးအသွင်သဏ္ဍာန်မဆို တစ်ခုတည်းသောမဟာမိတ်စုဖွဲ့မှုဖော်ဆောင်သွားရန် အားလုံးအတွက် ကြီးမားသည့် တာဝန်တစ်ရပ်ဖြစ်နေသည်ကို ခံယူထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ေဆာက်ရေး၏ အကြီးမားဆုံးအတားအဆီးမှာ နှစ် (၇၀) ကျော်ကြာ ဖြစ်ပွားနေဆဲပြည်တွင်းစစ်၏ အခြေခံအကြောင်းတရားကို ဥပေက္ခာပြုခြင်းနှင့် မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားမှုကြောင့်ပင်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်အခြေခံအကြောင်းတရားကို နားလည်လက်ခံပြီး အပြန်အလှန်လေးစားအသိအမှတ်ပြုမှုနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသာ ငြိမ်းချမ်းရေးတည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    “ကျွန်တော်တို့က NCA အတိုင်းပေါ့လေနော်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဖြစ်ဖို့ မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပြောသလိုဆိုတော့ သဘာဝကျပါတယ်။ လက်ခံတယ်။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီရဲ့ သဘောထားလည်း အဲဒီလို ထပ်တူပါပဲ”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဝင်းလှက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားရေးလုပ်ငန်းများဆာင်ရွက်သည့်ကိစ္စရာတွင် မွန်ညီညွတ်ရေးပါတီနှင့်သော်လည်းကောင်း၊ အခြားသော မွန်လူမှုအဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ လက်ရှိတွင် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ကိုပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီဖွဲ့စည်းပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်က နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

    မွန်ပြည်နယ်တဝန်းရှိ မွန်ညီညွတ်ရေးပါတီ၏ မြို့နယ်၊ ကျေးရွာရုံးအသီးသီးတွင်လည်း အလားတူ ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနားများ ကျင်းပလျက်ရှိသည်။


    Photo- မွန်ညီညွတ်ရေးပါတီဥက္ကဌ မိန့်ခွန်းပြောကြားစဉ်(Mi Sumon)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks