spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမော်လမြိုင် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဋ္ဌာနတွင် မူးယစ်ဆေးဖြတ်လိုသူများပြားလာ

    မော်လမြိုင် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဋ္ဌာနတွင် မူးယစ်ဆေးဖြတ်လိုသူများပြားလာ

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၈)

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာနသို့ တက်ရောက်ကုသမှုခံယူသည့် မူးယစ်ဆေးဖြတ်လိုသူ လူနာများ တစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း တွေ့ရှိရသည်။

    အဆိုပါ ကုသရေးဋ္ဌာန၏ စာရင်းဇယားများအရ ၂၀၁၆ ခုနှစ်တွင် အတွင်းအပြင်လူနာ စုစုပေါင်း ၁၈၀ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၅၇၆ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀၁၆ ဦးနှင့် ၂၀၁၉ မေလကုန်ပိုင်းအထိ ၃၉၅ ဦးတက်ရောက်ကုသ မှုခံယူသူများရှိသည့်အနက် မူးယစ်ဆေးဖြတ်လိုသူ လူနာသည် ၇၅ ရာခိုင်နှုန်းခန့် အများဆုံးဖြင့် ပါဝင်ကြောင်း သိရသည်။

    မော်လမြိုင် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဋ္ဌာန တာဝန်ခံ ဒေါက်တာဝင်းကျော်သူက “ဒီမူးယစ်ဆေးပြဿနာက ပြောရမယ်ဆိုရင် အမျိုးသားရေးပြဿနာပုံစံဖြစ်လာပြီးပေါ့နော်။ ဒီမူးယစ်ဆေးနဲ့ဆက်နွယ်ပြီးတော့ ပြစ်မှုတွေ များလာတယ်။ အကြမ်းဖက်မှုတွေ များလာတယ်။ သုံးစွဲတဲ့လူတွေကလည်း ဆေးရုံဆေးခန်းကို လာတဲ့အနေအထားနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ ပေးပို့လာတဲ့အချက်အလက်တွေအရဆိုရင် သိသိသာသာကြီး များလာတာကို တွေ့ရတယ်” ဟု ပြောသည်။

    ထို့ပြင် လက်ရှိအခြေအနေအရ မူးယစ်ဆေးသုံးစွဲသည့်သူ ဦးရေ (၁၀၀) တွင် တစ်၊ နှစ်ရာခိုင်နှုန်းခန့်သာ ဆေးရုံ၊ ဆေးခန်းရှိရာသို့ လာရောက်ကုသမှုခံယူတာကြောင့် အားလုံးကို မလွှမ်းခြုံနိုင်သေးကြောင်း ဒေါက်တာဝင်းကျော်သူက ဆက်ပြောသည်။

    မော်လမြိုင် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဋ္ဌာန၌ အတွင်းလူနာအတွက် ၁၂ ဦးအထိ တက်ရောက်ကုသမှုခံယူနိုင်အောင် ထောက်ပံ့ပေးထားကြောင်း၊ တနင်္လာ၊ ဗုဒ္ဓဟူးနေ့များတွင် ပြင်ပလူနာအတွက် ၊ သောကြာနေ့များတွင် စိတ်ကျန်းမာရေးချို့တဲ့သည့်လူနာများ၊ အင်္ဂါ၊ ကြာသပတေးနေ့များတွင် နံနက် ၉ နာရီကနေ ၁၂ နာရီအထိ မူးယစ်ဆေးစွဲသည့်လူနာများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ အကြံပေးခြင်းနှင့် ဆေးဖြတ်လိုသူများကို ကုသပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

    မွန်ပြည်နယ်တွင် စိတ်ကြွဆေးပြား (မြင်ဆေး) ကို အများဆုံးဖြင့် သုံးစွဲကြပြီး ဒုတိယအများဆုံးမှာ ဘိန်းစာရွက်ဖြစ်ကြောင်း၊ ကျေးရွာများမှ ဒေသခံလူငယ်များအကြားတွင်လည်း အဆိုပါမူးယစ်ဆေးများကို လွယ်လွယ်ကူကူဝယ်ယူရရှိနေကြပြီး ရိုးရာဓလေ့သကဲ့သို့ပင် သုံးစွဲနေကြောင်း ဒေသခံများက ဆိုသည်။
    နိုင်လှုံကျေးရွာအုပ်ချုပ်ရေးမှုး နိုင်ခင်မောင်ထွေးက “ဒီမြင်းဆေးတွေ၊ ဘိန်းစာရွက်တွေကို ဘာလို့ ဒီလောက်ထိ လွယ်လွယ်ကူကူနဲ့ ရရှိနေကြတာလဲ၊ လုံခြုံရေးအပိုင်းနဲ့ကြည့်ရင် သူတို့ရဲ့လမ်းကြောင်းတွေက ဘာလို့အဲ့ဒီလောက်ထိ လွယ်လွဟ်ကူကူနဲ့ ဝင်ထွက်သွားလာလို့ရနေကြတာလဲ၊ ဒါက တစ်ခုခုတော့ ဖြစ်နေတယ်လို့ ကျနော်မြင်တယ်”ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးအမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာနေပြီး ၂၀၁၆ ခုနှစ်က မူးယစ်အမှု ၂၈၃ မှု၊ ၂၀၁၇ ခုနှစ်တွင် မူးယစ်အမှု ၂၇၀ မှု၊ ၂၀၁၈ ခုနှစ်တွင် မူးယစ်အမှု ၄၃၄ မှုရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးအမှု ၁၆၈ မှု ဖမ်းဆီးရမိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သတင်းရရှိသည်။

    ထို့ပြင် မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု သိရသည်။


    Photo-မော်လမြိုင် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာန(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks