spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလက်နက်ချအလင်းဝင် DKBA ခွဲထွက်အဖွဲ့ BGF နှင့်ပူးပေါင်းမည့်အလားအလာရှိ

    လက်နက်ချအလင်းဝင် DKBA ခွဲထွက်အဖွဲ့ BGF နှင့်ပူးပေါင်းမည့်အလားအလာရှိ

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၂၄)

    ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) ခွဲထွက်အဖွဲ့တစ်ဖွဲ့က ဇွန်လ ၂၃ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အရင်ကတည်းက ကျနော်တို့နဲ့ပူးပေါင်းဖို့ ဆွေးနွေးထားပြီးသား၊ ကျနော်ထင်တယ် ဆွေးနွေးပြီးသားဆိုတော့ အခုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီဆိုတော့ ကျနော်တို့ BGF နဲ့ လာပူးပေါင်းတာပေါ့”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

    လှိုင်းဘွဲမြို့နယ် ပန်တော်မှီရွာအခြေစိုက် BGF အမှတ် ၁ဝ၁၁ တပ်ရင်း၌ အဆိုပါ DKBA ခွဲထွက် ၄၅ ယောက်က လက်နက်မျိုးစုံ ၂၉ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်က လက်နက်များလက်ခံရယူ၍ မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။

    “ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးတော့ မိမိတို့ကိုင်ဆောင်တဲ့လက်နက်တွေ အပ်နှံမယ်၊ ပြီးလို့ရှိရင် နယ်မြေဒေသဖွံ့ဖြိုးမှုအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်လို့ ကျနော့်အနေနဲ့ယုံကြည်ပါတယ်၊ အခုရောက်လာတဲ့တပ်ဖွဲ့ဝင်အားလုံးကို ကျနော့်တို့ရဲ့ဆွေမျိုးရင်းချာလို လုပ်ဖော်ကိုင်ဘက်လို ကျနော့်အနေနဲ့ သဘောထားပါတယ်” ဟု တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် ပြောသည်။

    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရတို့ ညှိနှိုင်းမှုဖြင့် DKBA ခွဲထွက်အဖွဲ့ကို စောတင်ဝင်း ဦးဆောင်၍ လက်နက်ချအလင်းဝင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

    စောတင်ဝင်းက “ခုလို မြိုင်ကြီးငူဒေသ ဖွံ့ဖြိုးတိုးတက်နေတာကို မြင်တွေ့ရတဲ့အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်မိပါတယ်၊ တောတွင်းဆက်လက်ကျန်ရှိနေသော DKBA, KKO ကျန်တဲ့ညီအစ်ကိုယ်များကို တရားဥပဒေဘောင်အတွင်း ပြန်လာကြပါလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောသည်။

    တပ်မတော်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့က ဇွန်လ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ မိဇိုင်းတောင်၌ တပ်စွဲထားသည့် အဆိုပါ DKBA ခွဲထွက်အဖွဲ့အား နှစ်ရက်ကြာခန့် ပစ်ခတ်မှုများတွင် တောင်ခြေအနီးတဝိုက်ကျေးရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

    မိဇိုင်းတောင်သည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်းကျရောက်လျက်ရှိပြီး DKBA ခွဲထွက်အဖွဲ့ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောကျော်သက်က ဦးဆောင်နေသည်ဟု နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။


    Photo- DKBA ခွဲထွက်အဖွဲ့ လက်နက်ချ (MPCS)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks