spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ Online လေလံမဲဒိုင်တစ်ဦးကိုအမှုဖွင့်၊ ဒိုင်ချုပ်တစ်ဦးကို နေပြည်တော်၌ဖမ်းဆီးထား

    လမိုင်းမြို့ Online လေလံမဲဒိုင်တစ်ဦးကိုအမှုဖွင့်၊ ဒိုင်ချုပ်တစ်ဦးကို နေပြည်တော်၌ဖမ်းဆီးထား

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၂)

    မွန်ပြည်နယ် လမိုင်းမြို့၌ လတ်တလောဖြစ်ပေါ်နေသော Online ငွေစုငွေချေးလေလံမဲကိစ္စတွင် ဒိုင်ဖြစ်သူ မိကျဲလိုင်(ခ) မခိုင်ရည်မွန်ကို လမိုင်းရဲစခန်း၌ အမှုဖွင့်ထားပြီး အမည်မသိရသေးသော ဒိုင်ချုပ်တစ်ဦးအား နေပြည်တော်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

    ရေးမြို့နယ်မြောက်ပိုင်းမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက “ ငွေပေးလျှော်ခြင်းမရှိသေးတဲ့ မိကျဲလိုင်နဲ့သူ့ယောက်ျားကတော့ လက်ရှိအချုပ်ထဲမှာ၊ သူဆီမှာရစရာရှိတဲ့လူတွေက အမှုဖွင့်ထားတယ်၊ ၃၂ မှုလောက်ရှိတယ်၊ ဥပဒေကြောင်းအရ သွားရမှာပေါ့နော်၊ နောက် ၈ ရာခိုင်နှုန်းပြန်လျှော်ပေးခဲ့တဲ့ မိငြိမ်းချမ်းကလည်း သူအပေါ်က ဒိုင်ချုပ်ကို တရားစွဲဖို့ပြင်ဆင်နေတယ်၊ ကျနော်သိရသလောက်တော့ အဲဒီဒိုင်ချုပ်ကိုလည်း နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းထားပါပြီ ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ Online လေလံမဲကိစ္စတွင် ဒိုင်နှင့် ဒေသခံစုငွေထည့်ဝင်သူများအကြား ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝိုင်းဝန်းညှိနှိုင်းပေးခဲ့ရာ
    မိငြိမ်းချမ်း (ဒိုင်)ဘက်က ထည့်ဝင်ငွေကျပ်တစ်သိန်းလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ပြန်လျှော်ပေးခဲ့ပြီး ဖြစ်သည်။

    သို့ရာတွင် နိုင်သီဟက “ တဖက်နဲ့တဖက် ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆူပူမှုမဖြစ်ရအောင် မငြိမ်းချမ်းဆီမှာရှိသလောက်ငွေအမောက်နဲ့ ကျနော်တို့က ကြားကနေထိန်းပြီးတော့ ခွဲပေးတာပေါ့နော်၊ ၈ ရာခိုင်နှုန်းရပြီးပြီ၊ ငွေထည့်ဝင်သူတွေအနေနဲ့ ကျန်တဲ့ငွေကို လိုချင်တယ်ဆိုလို့ရှိရင် ဥပဒေလမ်းကြောင်းအရ သွားလိုလို့ရှိရင် သွားလို့ရတယ်လို့ ကျနော်တို့ ပြောခဲ့တယ်” ဟု ဆိုသည်။

    မိငြိမ်းချမ်း(ဒိုင်) မှ လက်ခံရရှိသောစာရင်းများအရ ပြန်လျှော်ပေးရမည့်ငွေကျပ်တန်ဖိုး သိန်းပေါင်း ၂ သိန်းခန့်ရှိပြီး အလားတူ မိကျဲလိုင်(ဒိုင်) မှလည်း တန်ဖိုးချင်းမကွာလှသဖြင့် လက်ရှိ Online ငွေစုငွေချေးလေလံမဲကိစ္စတွင် ဒိုင်နှစ်ဦးပြန်လျော်ပေးရမည့် စုစုပေါင်းငွေတန်ဖိုး ကျပ်သိန်းပေါင်း ၄ သိန်းခန့်ရှိမည်ဟု နိုင်သီဟက ခန့်မှန်းထားသည်။

    အငြိမ်းစား မွန်ပြည်နယ်ဥပဒေချုပ် နိုင်ဝင်းကြည်က “ သေချာတာကတော့ အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေနဲ့ ပိုငြိတယ်၊ ဟိုး အရင်တုန်းက ၄၀၆ နဲ့ ယုံကြည်အပ်နှံအလွဲသုံးစားလုပ်တာပေါ့နော် အဲဒါနဲ့တရားစွဲတယ်၊ နောက်တစ်ခုက လုပ်ထားတဲ့လုပ်ရပ်တွေက အမှုစစ်တဲ့အခါ ဘယ်လိုပေါ်လာမလဲဆိုတာ မသိနိုင်ဘူးလေ၊ မသိနိုင်ဘူးဆိုတော့ ရဲကတင်လာတဲ့အခါမှာတရားစွဲဖို့ အဲဒီမှာ ဥပဒေရုံးက ဥပဒေအကြံပေးဖို့ တာဝန်ရှိတယ်၊ နောက်တစ်ခုက သူတို့က ဘယ်လိုပြောပြော လူအများနဲ့သူလုပ်တယ်၊ ပေးတဲ့လူပေးတယ် မပေးတဲ့လူမပေးဘူး ဆိုရင် ဒိုင်ကတော့ သူကျိန်းသေငြိတယ်၊ ဒိုင်ဘက်အခြမ်းကတော့ တရားစွဲခံရမှာ သေချာတယ်” ဟု ပြောသည်။

    ထို့ပြင် လက်ရှိလမိုင်းမြို့ပေါ်၌ ဖြစ်ပွားနေသည့် လေလံမဲကိစ္စသည် အများပြည်သူစိတ်ဝင်စားပြီး ဟိုးလေးတကျော်ဖြစ်နေသည့်အတွက် ထိပ်ပိုင်းအစိုးရအာဏာပိုင်အထိ အချိန်နှင့်တပြည်းညီ အစီရင်ခံနေရကြောင်း၊ တိုင်ကြားလားသော စစ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဥပဒေအရာရှိက အကြံပေးရမည်ဖြစ်ကြောင်း၊ လူအများ ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့်ကိစ္စကို မြို့နယ်ဥပဒေရုံးက တာဝန်ခံနိုင်လိမ့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မြို့နယ်ဥပဒေအရာရှိ၏သဘောထားမှတ်ချက်ကို ခရိုင်သို့တင်ပြ၍ ခရိုင်၏သဘောထားမှတ်ချက်မှတဆင့် ဥပဒေချုပ်ရုံးသို့တင်ပြပြီး လမ်းညွှန်မှုကို ခံယူရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ တရားမဝင် Online ငွေကို ပြန်မထုတ်ပေးသည့် မိကျဲလိုင်(ဒိုင်) ကိုမကြေနပ်သောကြောင့် မေလ ၂၂ ရက်နေ့က လမိုင်းမြို့ပေါ်၌ လူစုလူဝေးများ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့် ဆွေမျိုးနေအိမ်များ ၈ လုံးခန့် ဝင်ရောက်မွှေနှောက်ဖျက်ဆီးခံရသည့်အပြင် ငွေကြေးပစ္စည်းများပါလုယက်ခံရကြောင်း၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ ၁၀၀ ခန့်က ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားပါက မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပစ်မိန့်ပေးခဲ့ရကြောင်း သတင်းများတွင် ဖော်ပြကြသည်။

    Photo- လူစုလူဝေးဖြင့် ဝင်ရောက်မွှေနှောက်ဖျက်ဆီးခံလိုက်ရသည့်
    နေအိမ်တစ်လုံး (Mawkanin News)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks