ဗညားအောင်
မကြာမီရက်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၆ ရက်ကြာကာလအတွင်း လွှတ်တော်ကိုယ်စားများနှင့် အစိုးရဝန်ကြီးတို့၏ ပွတ်တိုက်သံများက အတော် ပွဲဆူစေခဲ့သည်။
ပွတ်တိုက်သံများစွာအနက် ပွဲအဆူဆုံး ဖြစ်ခဲ့သည်မှာ ရေးမြို့နယ် သပြေရွာသစ် ရေနက်ဆိပ်ကမ်းသို့ အဓိက သွားရာ လမ်းကြောင်းဖြစ်သည့် အောင်သပြေ-နှစ်ကရင်ကားလမ်း နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၀၀၀ ကို တင်ဒါပြိုင်စရာမလိုဘဲ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သူ၏မိတ်ဆွေ ဦးစိန်ဝမ်း ပိုင်ဆိုင်သည့် Southern Myanmar Development- SMD ကုမ္ပဏီကို လုပ်ပိုင်ခွင့် တိတ်တဆိတ် ချပေးခဲ့သည့်ကိစ္စပင် ဖြစ်သည်။
ထိုကိစ္စကို ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက အောင်သပြေ-နှစ်ကရင်လမ်းကို Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီအား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း နှင့်အညီ ဖြစ်ခဲ့ပါသလားဟု လွှတ်တော်အစည်းအဝေး၌ မေးခွန်း မေးမြန်းခဲ့သည်။
အောင်သပြေ-နှစ်ကရင်လမ်းအား တင်ဒါ မခေါ်ရသည့်ကိစ္စမှာ ဝန်ကြီးချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိတ်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု လွှတ်တော်အစည်းအဝေးတွင် အတိအလင်း ဖြေကြားခဲ့သော်လည်း ထိုကိစ္စ သည် အစိုးရ ကတ်ဘိနက် အရေးပေါ် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးချုပ်ကိုယ်တိုင် ဆုံးဖြတ်သည့် ကိစ္စဖြစ် သည့်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံဝမသက်ဆိုင်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန် လွှတ်တော်အတွင်းမှာ ထောက်ပြ၍ ဆိုလိုက်သည်။
ထိုအခြေအနေကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအနေဖြင့် ဘေးကြပ်နံကြပ် ဖြစ်စေခဲ့ပြန်သည်။
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က “ဒီလုပ်ငန်းကို တင်ဒါမခေါ်ပဲနဲ့ ဦးစိန်ဝမ်းတို့ SMD ကုမ္ပဏီကို ပေးလိုက်ရင် လွှတ်တော်ကျရင် ဘယ်လိုရှင်းပြမလဲ၊ ရှင်းပြလို့ မတတ်တော့ဘူး။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အရလည်း သိန်းတစ်ရာကျော်နေတာ တင်ဒါခေါ်ရမှာ၊ အရေးပေါ်ကိစ္စမို့လို့ ဌာနကို တာဝန်ပေးရမှာက တစ်မျိုးပေါ့၊ ဒီလိုမျိုး SMD ကို တိုက်ရိုက်ပေးလိုက်တာက မသင့်ဘူးပေါ့။ အဲဒီမှာ ဆရာ(ဝန်ကြီးချုပ်)ကလည်း ကျွန်တော်ကို နည်းနည်း စိတ်ဆိုးသွားတာနဲ့ တူပါတယ်၊ ဒါကို လွှတ်တော်မှာ သူတာဝန်ယူတယ်တဲ့၊ ဒီကိစ္စကို သူတာဝန် ယူတယ်တဲ့၊ လွှတ်တော်ကိစ္စလည်း သူရှင်းမယ်တဲ့၊ ဘာညာပြောပြီးတော့ သူဆုံးဖြတ်ခဲ့တာ”ဟု ဆိုသည်။
ထို့နောက် ပြည်နယ် ဘတ်ဂျက်ချပေးထားသည့် ကျိုက်ထီရိုး အမှိုက်ဖျက်စက်လုပ်ငန်းထဲ ဘုရားဘဏ္ဍာငွေထက်ဝက် ဆွဲထည့်သုံးစွဲလိုက်သည့်ကိစ္စသည်လည်း ဒေါက်တာအောင်နိုင်ဦး၏ မေးခွန်းက အစိုးရအဖွဲ့ကို အခက်တွေ့စေသည်။
ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ပြဌာန်း၍ ၂၀၁၃/၂၀၁၅/၂၀၁၇ ခုနှစ်တွင်ပြန်လည်ပြင်ဆင်ထားသော မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကိုလည်း ပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်မဖော်နိုင်သည့်ကိစ္စကို ဒေါက်တာအောင်နိုင်ဦး ထောက်ပြခဲ့သေးသည်။
ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့က စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းထက်စောပြီး အတည်ပြုပေးခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ကျနော်တို့မှာ ဒီကော်မတီကို မရွေးချယ် မတင်မြောက် ပေးနိုင်သေးဘူး၊ ပိုက်ဆံမရှိလို့ မအားသေးလို့ အခြားအလုပ်ကို ဦးစားပေးလုပ်နေရလို့ ဆိုင်းငံ့တယ်ဆိုတာ ခိုင်မာတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ အမှန်တကယ်တော့ ဥပဒေက ပေးထားတယ်ဆိုတာက တာဝန်ယူပြီးတော့ အကောင်အထည်ဖော်ဖို့ပဲ။ ဒီဟာကို မလုပ်နိုင်ရင် တာဝန် ပျက်ကွက်တယ်လို့ မှတ်ယူတယ်”ဟု အစိုးရအဖွဲ့ကို ထောက်ပြခဲ့သည်။
တဖန် မေလ ၆ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ပေါင်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများ လျှောက် ထားခွင့်နှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး လိမ်လည် ဖြေကြား နေသည်ဟု NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က လွှတ်တော်တွင် တင်ပြခဲ့ခြင်းကြောင့် ယခု အပတ် လွှတ်တော်အစည်းအဝေး အတော်လေးအားပြိုင်မှုများ ဖြစ်ခဲ့ကြသည်ဟု မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး စောင့်ကြည့်သူများက ဆိုကြသည်။
လွှတ်တော်အရေး စောင့်ကြည့်လေ့လာသူ ရေးတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “ပွဲဆူ စေခဲ့တဲ့ အဓိကအကြောင်းရင်းက ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ လုပ်ဆောင်မှုတွေမှာ ဒီမိုကရေစီစံနှုန်းတွေ၊ ဥပဒေတွေနဲ့ ပေးအပ်ထားတဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေကို ချိုးဖောက် ကျော်လွန်လုပ်ဆောင်ခဲ့လို့ ခုလိုဖြစ်ခဲ့ရတာလို့ မြင်ပါတယ်၊ တစ်ခုပြောချင်တာက မေးခွန်း မေးမြန်း ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြောင့် မဟုတ်ပါဘူး၊ ကိုယ်စားလှယ်က သူ့တာဝန် သူ့အလုပ်ကို လုပ်တာပါ” ဟု သူ၏ အမြင်ကို ပြောပြသည်။
ထို့ပြင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း မသင့် လျော်ကြောင်း ဝန်ကြီးချုပ်ဆီက ပြည်နယ်လွှတ်တော်သို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်ဟု ကြားသိရ သည်။
အဆိုပါ ဝန်ကြီးချုပ်ပေးစာကို မေလ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က မွန်ပြည်နယ် လွှတ်တော်ရုံးသို့ ပေးပို့လာ ခြင်း ဖြစ်သော်လည်း နောက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် တဖန် ပြန်လည် ရုပ်သိမ်းသွားခဲ့သည်ဟု လွှတ်တော်ဥက္ကဌက သတင်းထောက်များကို ရှင်းပြခဲ့သည်။
လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “အောင်နိုင်ဦး ဒုဥက္ကဋ္ဌက ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါ တယ်၊ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးလို့ ရတယ်။ အန်တီ ပြောတာက ဒု-ဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးပိုင်ခွင့် ရှိ တယ်။ ဒေါက်တာအောင်နိုင်ဦး မေးတဲ့ပုံစံက လွှတ်တော်နည်းဥပဒေနဲ့ ညီတယ်”ဟု ဆိုသည်။
အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မဏ္ဍိုင်(၃)ရပ်က အချင်းချင်း အပြန်အလှန် လေးစားရမည်ဖြစ်ပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခု ဆက်နွယ်ပုံ၊ ပူးပေါင်းဆောင်ရွက်ပုံ၊ ညှိနှိုင်းဆောင်ရွက်ပုံတို့ကို အင်မတန် သတိထားရမှာ ဖြစ်သလို ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟကြောင့် မဏ္ဍိုင်တစ်ခုကိုတစ်ခု မစွက်ဖက်မိစေရန် အားလုံးက သတိပြုရ မှာ ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့မှာ လွှတ်တော်ဥက္ကဌ နှုတ်ခွန်းဆက် အမှာစကားပြောစဉ် ထည့်သွင်း ပြောသွားခဲ့သည်။
ထို အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ရေးတော်ဝင် သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “နောက် ကျနော့်အမြင်ပေါ့ဗျာ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့အပေါ် လွှမ်းမိုးမှုများတာနဲ့ ခဏပြောခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအရ မဟုတ်တဲ့ လွဲမှားတဲ့ စီမံခန့်ခွဲ မှုရယ်၊ အဓိကတော့ ပြည်နယ်အစိုးရကို ဦးဆောင်တဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည် အားနည်းတာ၊ လွှတ်တော်ရဲ့ ဥပဒေနဲ့အညီ စိစစ်ထိန်းကြောင်းမှု သဘောကို လက်မခံချင်ကြတာ၊ လွှတ်တော် အပါအဝင် ပြည်သူလူထုနဲ့ အခြား စွမ်းအားစုတွေဖြစ်တဲ့ သတင်းမီဒီယာတွေ၊ CSO တွေအပေါ် လေးစားမှု ထိတွေ့ ဆက်ဆံမှု အားနည်းတာတွေကြောင့်လည်း ခုလို ဟိုးဟိုးကျော်စေတဲ့ ဖြစ်စဉ်တွေ ပြောစကားတွေ လုပ်ဆောင်မှုတွေ ဖြစ်လာခဲ့တာပါ” ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ မွန်ပြည်နယ်လွှတ်တော်တွင်း အားပြိုင်မှုများသည် မွန်ပြည်နယ်လွှတ်တော်ကို စောင့်ကြည့် နေသူများအတွက် စိတ်ဝင်စား စရာကောင်းခဲ့သလို အစိုးရအဖွဲ့အတွင်း အပြန်အလှန် ထိန်းကျောင်းမှုများ ရှိလာ ရန်အတွက် တည့်မတ်ပေးနိုင်မည်ဟုလည်း မျှော်လင့်စရာ ဖြစ်စေသည်။

Photo- ဒေါက်တာအေးဇံ(ထိုင်နေသူ) နှင့် ဒေါက်တာအောင်နိုင်ဦး (မတ်တတ်ရပ်တင်ပြနေသူ) တို့ လွှတ်တော်အစည်းအဝေးတက်ရောက်နေစဉ် (ရွှေရိုး-မွန်သတင်းအေဂျင်စီ)