spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-သံဖြူဇရပ် BOT လမ်းပိုင်းအချိန်မီ ပြုပြင်ပေးရန် မွန်လွှတ်တော်သို့အဆိုသွင်း

    မော်လမြိုင်-သံဖြူဇရပ် BOT လမ်းပိုင်းအချိန်မီ ပြုပြင်ပေးရန် မွန်လွှတ်တော်သို့အဆိုသွင်း

    -

    စန္ဒာဉာဏ် (မွန်လွှတ်တော်၊ မေ-၃)

    BOT စနစ်ဖြင့်ဆောင်ရွက်နေသော မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ အချိန်မီ ပြုပြင်ပေးရန် တိုက်တွန်းကြောင်း ယနေ့တွင် ဆက်လက်ကျင်းပလျက်ရှိသော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းလိုက်သည်။

    အဆိုပါလမ်းပိုင်းသည် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကုန်ကျခံနေသော သံဖြူဇရပ်-ရေး လမ်းပိုင်းနှင့် နှိုင်းယှဉ်ပါက အရည်အသွေးပြည့်မီခြင်းမရှိဘဲ ပြည်သူများ မကြာခဏဆိုသလို အသက်အန္တရာယ်ဖြစ်ပေါ်နေသောကြောင့် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

    “သက်ဆိုင်ရာဌာနကို မေးထားတဲ့အခါမှာ မုဒုံ-မော်လမြိုင် လမ်းကြောင်းမှာ တစ်နေ့ ယာဉ်အစီးရေ ၄ဝဝဝ နဲ့ ၅ဝဝဝ ကြား သွားလာနေတဲ့အတွက် အနည်းဆုံးတော့ ၄၈ ပေ လေးလမ်းသွား ခင်းကို ခင်းပေးရမယ်။ မခင်းပေးဘူးဆိုရင် အရေးယူမှုပိုင်းတွေ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

    တစ်နေ့ ပျမ်းမျှယာဉ်စီးရေ ၂ဝဝဝ ကျော်လျှင် နှစ်လမ်းသွားနှင့် မလုံလောက်ပါက လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းပေးရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အေးကိုကုမ္ပဏီအကြား ချုပ်ဆိုထားသော စာချုပ်တွင်ဖော်ပြထားကြောင်း၊ မော်လမြိုင်ဈေးကြိုမှ ဖားအောက်အထိ လမ်းအကျယ် ပေ ၅ဝ ခန့်ရှိသော်လည်း အလယ် ၂၄ ပေကိုသာ နိုင်လွန်ကတ္တရာခင်းထားပြီး ယာဉ်များမှာ နိုင်လွန်ကတ္တရာပေါ် တက်မောင်းကြသည့်အတွက် မတော်တဆမှုများဖြစ်ပေါ်နေသည်ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

    “ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေဖြစ်ပါစေလို့။ ဘာကြောင့်လဲဆိုတော့ အကျိုးအမြတ်တစ်ခုတည်း ရယူရုံနှင့် သူတို့က ဒီဟာမျိုးလုပ်တာမဟုတ်ဘဲနှင့် ဒီဒေသဖွံ့ဖြိုးရေး၊ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုရရှိရေးကို စေတနာထားပြီးလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်စေချင်တယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

    ယင်းအဆိုကို ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ထောက်ခံခဲ့သဖြင့် မွန်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရန် လက်ခံခဲ့သည်။

    အရှည် ၃၇ မိုင်ရှိသော မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ၂ဝ၁၁ ခုနှစ်ကစ၍ BOT(Build, Operate, Transfer) တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် မော်လမြိုင်မှ ဖားအောက်အထိလမ်းပိုင်းကို နိုင်လွန်ကတ္တရာ အလယ်တွင်ကွက်၍ ခင်းထားပြီး လမ်းပခုံးမြင့်နေမှုကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသဖြင့် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေကြောင်း တွေ့ရှိရသည်။


    Photo- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts