spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမိုင်းပေါက်ကွဲနေသည့်ကိစ္စများကို မွန်ပြည်သစ်ပါတီနှင့် KNU တို့ ညှိနှိုင်းအဖြေရှာကြရန် မွန်လုံနယ်ဝန်ကြီး တိုက်တွန်း

    မိုင်းပေါက်ကွဲနေသည့်ကိစ္စများကို မွန်ပြည်သစ်ပါတီနှင့် KNU တို့ ညှိနှိုင်းအဖြေရှာကြရန် မွန်လုံနယ်ဝန်ကြီး တိုက်တွန်း

    -

    ရွှေရိုး (မော်လမြိုင်၊ ဧပြီ ၂၉)

    မွန်ပြည်သစ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ လှုပ်ရှားနေကြသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မကြာခဏမိုင်းပေါက်ကွဲနေသည့်ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက တိုက်တွန်းလိုက်သည်။

    “နှစ်ဖွဲ့မျက်နှာချင်းဆိုင်တွေ့နေတဲ့ကိစ္စပဲ မရှင်းနိုင်စရာအကြောင်းမရှိဘူး။ ရှင်းတတ်ဖို့ပဲ လိုတယ်။ စာပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးဖို့ပဲ လိုတယ်။ ဆွေးနွေးပြီးတော့မှ အောက်ခြေကလည်း သိဖို့ လိုတယ်။ အပေါ်ကလူကြီးတွေ ဆွေးနွေးပြီးတော့ အောက်ခြေက မသိရင်လည်း အဆင်မပြေဘူး။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်းကို ပိုင်ပိုင်နိုင်နိုင်လေးနဲ့ အောက်ခြေအထိ သိအောင်လုပ်ရမယ်”ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

    မွန်ပြည်သစ်နှင့် KNU တို့ကြား ဖြစ်ပေါ်နေသည့်ပြဿနာဖြစ်၍ အချင်းချင်းငြိမ်းချမ်းရေးရရှိရန် လိုအပ်နေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့နားလည်မှုများရှိရန်လည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “ဒီမိုင်းကိစ္စက ပျောက်နေတာ တစ်လနှစ်လလောက်ရှိနေပြီးဆိုတော့ ပြီးသွားပြီးလို့ ထင်နေတာ ဒါပေမယ့် ဒီမကြာခင်မှာပဲ ထပ်ပြီးပေါက်ပြန်တယ်ဆိုတော့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ နည်းလမ်းအသစ်ကို ရှာရတော့မယ်”ဟု ပြောသည်။

    ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးရှိ ဒေသအခေါ် အချဉ်းချောင်းတဝိုက်၌ ဧပြီလ ၂၃ ရက် နံနက်ပိုင်းက အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ လက်ရှိမြေမြှုပ်မိုင်းပေါက်ကွဲသည့်ဖြစ်စဉ်အပါအဝင် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် မြေမြှုပ်မိုင်း ၅ ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါဖြစ်ပေါ်နေသည့် မိုင်းကိစ္စရပ်များကို ပြည်နယ်အစိုးရနှင့် တိုင်းစစ်ဌာနချုပ် ပါဝင်ဖြေရှင်းပေးနိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC သို့ မွန်ပြည်သစ်ပါတီက စာရေးသားပေးပို့ခဲ့ကြောင်း နိုင်အောင်မငေးထံမှ သိရသည်။


    Photo-ဧပြီ ၂၃ ရက်နေ့က မြေမြှုပ်မိုင်းဒဏ်ခံရသည့်အမျိုးသမီးတစ်ဦး၏ ခြေထောက်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks