spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်သင်္ကြန်ကို ယခင်နှစ်ထက် ပိုစည်ကားအောင်ဆောင်ရွက်ထားဟုဆို

    မော်လမြိုင်သင်္ကြန်ကို ယခင်နှစ်ထက် ပိုစည်ကားအောင်ဆောင်ရွက်ထားဟုဆို

    -

    စန္ဒာဉာဏ်(ဧပြီ ၁၀)

    ယခုနှစ် မော်လမြိုင်သင်္ကြန်ကို ယခင်နှစ်ကထက် ပိုစည်ကားအောင် ဆောင်ရွက်ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ယမန်နေ့တွင် ပြောသည်။

    “ဒီနှစ်မှာလည်း ပိုပြီးတော့ စည်စည်ကားကားဖြစ်အောင် အပန်းဖြေသင်္ကြန်တွေလည်း ပါဝင်အောင်ဆိုပြီးတော့ ဘဏ္ဍာရန်ပုံငွေ သိန်း ၂၀၀၀ လျာထားပြီးတော့ စီမံဆောင်ရွက်ထားတယ်။ မနှစ်ကထက်ပိုပြီး စည်စည်ကားကားဖြစ်အောင် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းဖြစ်အောင် စီမံဆောင်ရွက်ထားတယ်” ဟု ၎င်းကပြောသည်။

    ယမန်နှစ်က ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျခဲ့ရပြီး ယခုနှစ်တွင် ပိုမိုထူးခြားစေရန် အကျ၊ အကြတ်နှင့် အတက်နေ့များတွင် သံလွင်ဥယျာဉ်၌ အပန်းဖြေရင်း ရေကစားနိုင်ရန် သုံးရက်တိတိကျင်းပမည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။

    “သင်္ကြန်ကတော့ လည်ကြတယ်ပေါ့။ လည်ကြတဲ့အခါကျတော့ တခါတလေ နားချင်တဲ့အချိန်တွေရှိပါတယ်။ သံလွင်ဥယျာဉ်ဆိုရင် သစ်ပင်တွေလည်း အများကြီးရှိပါတယ်။ ကွင်းကလည်း ကျယ်ကျယ်ဝန်းဝန်းဖြစ်တဲ့အတွက် နားချင်တဲ့အချိန်မှာ အရိပ်အာဝါသမှာ အေးဆေးနားနေနိုင်အောင်လို့ ကျွန်တော်တို့ စီစဉ်ခြင်းပဲဖြစ်ပါတယ်” ဟု အပန်းဖြေသြင်္ကန် ဦးစီးကျင်းပသူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

    အပန်းဖြေသင်္ကြန်ကို အကျနေ့ နံနက် ၁၀ နာရီဖွင့်ပွဲနှင့် အကြတ်နှင့် အတက်နေ့များတွင် နေ့လည် ၁၂ နာရီမှစ၍ ညနေအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဖျော်ဖြေရေးတီးဝိုင်းနှင့် စတုဒီသာကျွေးမွေးမည့် အစီအစဉ်များလည်းရှိသည်ဟု ဆိုသည်။

    သို့ရာတွင် မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးဖြစ်သူ မင်းဖြိုးနေလင်းက “အမှန်အတိုင်းပြောရရင်တော့ စိတ်ဝင်စားမှုက သိပ်မရှိပါဘူး ဘယ်လိုဖြစ်လဲဆိုတော့ ကြိုပြီးကြေငြာထားတာမျိုးလည်း မရှိဘူး အဲလိုပုံစံမျိုးဖြစ်နေတယ်၊ မနှစ်ကလည်း အစိုးရစီစဉ်တဲ့ လမ်းလျှောက်သင်္ကြန်ပျက်ခဲ့ပြီးပြီး၊ ဒီနှစ်မှာ ပိုမိုစည်ကားပြီး အန္တရာယ်ကင်းတဲ့ သြင်္ကန်ဖြစ်စေချင်တယ်” ဟု ပြောသည်။

    ယခင်နှစ် သင်္ကြန်အကြတ်နေ့မှစ၍ မွန်ပြည်နယ်အစိုးရက မော်လမြိုင်ကမ်းနားလမ်း၌ လမ်းလျှောက်သြင်္ကန်စီစဉ်ခဲ့သော်လည်း လာရောက်သူ တစ်ဦးမျှမရှိသဖြင့် ပြန်လည်ရုပ်သိမ်းခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။


    Photo- သံလွင်အလှ အပန်းဖြေလမ်းလျှောက်သင်္ကြန် ပိုစတာ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks