spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့မှ အဝေးပြေးယာဉ် (၄) လိုင်းသာ ပုံမှန်ပြေးဆွဲမည်

    သင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့မှ အဝေးပြေးယာဉ် (၄) လိုင်းသာ ပုံမှန်ပြေးဆွဲမည်

    -

    ရူပါဗလွဲ (ဧပြီ ၅)။

    ယခုနှစ် သင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့ရှိ အဝေးပြေးယာဉ်လိုင်း (၄) လိုင်းသာ ပုံမှန်ပြေးဆွဲနေမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

    New PTT၊ ရွှေနဒီ၊ မန္တလာမင်း ၎င်းယာဉ်လိုင်း (၃) လိုင်းသည် မော်လမြိုင်-ရန်ကုန်ခရီးစဉ်ကို နေ့/ည ပိတ်ရက်မရှိ ပြေးဆွဲမှာ ဖြစ်ပြီး မော်လမြိုင်-ထားဝယ်ခရီးစဉ်ကို ထွန်းမြင့်မိုရ်ယာဉ်လိုင်းမှ ပိတ်ရက်မရှိ ပြေးဆွဲမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်ဝင်းမောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီသင်္ကြန်ရက်မှာတော့ သူတို့က အဓိက ယာဉ်မောင်းတွေ၊ ယာဉ်လိုက်တွေက သူ့ရပ်ရွာတွေကို ပြန်ကြတာများတယ် လိုင်းကနေ ကားဆွဲချင်ပေမယ့်လည်း မောင်းတဲ့ယာဉ်မောင်းက နားတော့ ယာဉ်မောင်းမရှိရင် ကားကဆွဲလို့မရဘူး၊ သူတို့မြို့ သူတို့ပြန်ကြတာများတယ်” ဟု ဦးကျောင်ဝင်းမောင်က ပြောသည်။

    မွန်ပြည်နယ်တွင် ပုံမှန်ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း ၆၀ လိုင်းကျော်ရှိသည့်အနက် ယာဉ်မောင်းများသည် သင်္ကြန်ကာလအတွင်း ဇာတိမြေပြန်ကြသည့်အတွက် ယာဉ်လိုင်းများ ရပ်နားထားရခြင်း ဖြစ်သည်။

    သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့်ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခဈေးနှုန်းကို ပုံမှန်အတိုင်းသာကောက်ခံရမည်ဖြစ်ပြီး ယာဉ်စီးခဈေးနှုန်းမြှင့်တင်ကောက်ခံပါက မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ စည်းကမ်းထိန်းသိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနထံသို့ လာရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။

    “ခရီးသည်တွေက ပုံမှန်တော့မရှိဘူး တစ်ခါတစ်လေကျ လူများရင်များတယ်ပေါ့ နည်းတဲ့အခါကျလည်း ရှိတယ်။ ခရီးသည်သွားတာလာရတာ လွယ်ကူအောင်ပေါ့ ကားလိုင်းတော်တော်များများ ပိတ်တယ်ဆိုတော့လည်း အခုသင်္ကြန်ကာလမှာ လူအသွားအလာ ရှိပါတယ်” ဟု ရွှေနဒီဂိတ်မှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

    ယင်းအပြင် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ တစ်စုံတစ်ရာအခက်အခဲရှိလာပါက အကူအညီပေးနိုင်ရန်အတွက် မွန်ပြည်နယ် အဝေးပြေးကားဂိတ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးမှာ ဝန်ထမ်းများကို အချိန်ပြည့်ချထားပေးကြောင်း ယင်းကော်မတီထံမှ သိရသည်။

    မွန်ပြည်နယ်တွင် မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-မန္တလေးနှင့် မော်လမြိုင်-ထားဝယ် လက်ရှိ ခရီးစဉ်ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း (၆၅) လိုင်းရှိကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။


    Photo-မော်လမြိုင်မြို့ အဝေးပြေးယာဉ်များ(MNA)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks