spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်း၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား ၃ ရက် ၃ ညတိတိစည်ကားသိုက်မြိုက်စွာကျင်းပမည်

    ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား ၃ ရက် ၃ ညတိတိစည်ကားသိုက်မြိုက်စွာကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၉)

    ယနေ့တွင် ကျရောက်သော ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံ၌ ပျော်ပွဲရွှင်ပွဲများ၊ ယဉ်ကျေးမှုအကများနှင့် အားကစားပြိုင်ပွဲများကို ယနေ့မှစတင်၍ ၃ ရက် ၃ ညတိတိကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ယနေ့နံနက်စောစောပိုင်းတွင် မော်လမြိုင်မြို့ သာသနာ့ဗိမာန်၌ သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းအမျှပေးဝေခြင်းနှင့် နံနက် (၀၈:၀၀)နာရီအချိန် သံလွင်ဥယျဉ်ပန်းခြံတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် ပြခန်းခင်းကျင်းပြသရေးနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရေးကော်မတီဥက္ကဠ၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့က ပြခန်းကိုဖွင့်လှစ်ခြင်း၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့အားဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြခန်းများအားလှည့်လည့်ကြည့်ရှုခဲ့ကြသည်။

    “ညပိုင်းမှာကျတော့ ဖျော်ဖြေပွဲအစီအစဉ်လေးတွေ ဆောင်ရွက်ထားတာရှိပါတယ်၊ တိုင်းရင်းသားရိုးရာအဖွဲ့တွေ အများအပြားပါဝင်မယ်၊ မော်လမြိုင်မြို့ပေါ် ပေါင်မြို့၊ ချောင်းဆုံကျောင်းတွေကနေ အကအဖွဲ့တွေ ရိုးရာအကတွေ၊ ရိုးရာအကတွေနဲ့ တီးဝိုင်း(မွန်) အဖွဲ့တွေ တလှည့်စီပေါ့ ဖျော်ဖြေဖို့ ရှိပါတယ်” ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ်စတင်ဖြစ်ပေါ်လာသည့် ၁၉၇၄ ခုနှစ်မှ စစ်အာဏာသိမ်းသည့် ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်ကျင်းပလာခဲ့သော မွန်ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတင်ဆက်နိုင်ခြင်း မရှိသဖြင့် မွန်ပြည်နယ်နေ့အခမ်းအနားသည် ယခင်အနှစ် ၃၀ ကျော်ကဲ့သို့ စည်ကားမှုမရှိတော့ကြောင်း မွန်ရိုးရာဂီတပညာရှင်တစ်ဦးက ထောက်ပြသည်။

    “ မဆလအစိုးရခေတ်မှာ မွန်ပြည်နယ်နေ့ရောက်တိုင်း ၁၀ မြို့နယ်ကိုယ်စားပြု မွန်ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွေကို ဦးစားပေးကျင်းပခဲ့တယ်၊ မိုင်ဒါကွင်းမှာ ၅ ညတိတိ ကျင်းပတယ်၊ ပွဲတော်တွေမှာဆိုရင် ပြည်နယ်နေ့ပွဲတော်က အစည်ကားဆုံးဖြစ်ခဲ့တယ်၊ အခုယဉ်ကျေးမှုပြိုင်ပွဲတွေလည်းမရှိတော့ဘူး၊ အဖြစ်လောက်ပဲ ကပြနေရတယ်၊ အခမ်းအနား နေရာကျဉ်းကျဉ်းလေးထဲမှာ သိပ်ပြီးတော့လည်း မစည်ကားလှပါဘူး” ဟု ၎င်းက ပြောသည်။

    ကျိုက်ခမီခရိုင်ကိုဖျက်သိမ်းပြီး မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မွန်ပြည်နယ်ဟုသတ်မှတ်ပေးခဲ့သော်လည်း မွန်တိုင်းရင်းသားအများစုက ရုပ်ပြပြည်နယ်တစ်ခုအဖြစ်သာ ရှုမြင်နေကြပြီး မွန်အမျိုးသားနေ့ကဲ့သို့ ပြည်နယ်အနှံ့မြို့ပြနှင့်ကျေးရွာများတွင် ပွဲတော်များ ကျင်းပပြုလုပ်ခြင်းမရှိခဲ့ပေ။

    မွန်ပြည်နယ် လူမှုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းအောင်ထူးက “ ခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြိုးပမ်းနေသလို တဖက်မှာလည်း ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွေလုပ်နေကြတယ် ဒါကဘာကိုပြောသလဲဆိုတော အခုလက်ရှိသွားနေတဲ့ တိုင်းဒေသကြီးတို့ ပြည်နယ်တို့ကို တကယ့်အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပဲပြောပြော ဖက်ဒရယ်ဒီမိုကရေစီပဲ ဆိုဆို မလုံလောက်သေးဘူးဆိုတဲ့အဓိပ္ပါယ်ပေါက်တယ်” ဟု ပြောသည်။

    ထို့ကြောင့် အနာဂတ်တွင် မိမိတို့လိုလားတောင့်တနေကြသည့် နိုင်ငံရေးအနှစ်သာရနှင့်ပြည်ဝသော ပြည်ထောင်စုသည်လည်းကောင်း ပြည်နယ်သည်လည်းကောင်း လက်ရှိအချိန်ကာလ၌ မိမိတို့ ကြိုးစားရုန်းကန်နေရဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    မွန်ပြည်နယ်သည် ပဲခူးတိုင်းဒေသကြီးနှင့် စစ်တောင်းမြစ်ကိုပိုင်းခြားထား၍ မြန်မာနိုင်ငံတောင်ဘက် ဧရိယာအားဖြင့် ၁၂,၂၉၆ ဒဿမ ၆၄ စတုရန်းကီလိုမီတာရှိပြီး အရှေ့ဖက်တွင်တောင်ညိုတန်းနှင့် ကရင်ပြည်နယ်၊ တောင်ဖက်တနင်္သာရီတိုင်းဒေသကြီး၊ အနောက်ဘက်တွင် အက်ဒမန်ပင်လယ်ပြင်ကြား မြောက်မှတောင်ဘက်သို့ မြေပြန့်များ၌ မြို့ရွာများ စီတန်းလျက်တည်ရှိပြီး မုတ္တမပင်လယ်ကွေ့မှ တနင်္သာရီတိုင်းဒေသကြီးအထိ ကမ်းရိုးတန်းအရှည် ၅၆၆ ကီလိုမီတာခန့်ရှိသည်။

    မြို့နယ် ၁၀ ခုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ မွန်ပြည်နယ်လူဦးရေ ၂ သန်းကျော်၊ မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း၊ တရုပ်နှင့် အိန္ဒိယနွယ်ဖွားများ ပြန့်နှံ့နေထိုင်လျက်ရှိကြသည်။


    Photo- ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား ပြခန်းဖွင့်လှစ်စဉ်
    (Mon State Government Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks