Monday, March 9, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်အတိုင်ပင်ခံနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပေးခဲ့

    နိုင်ငံတော်အတိုင်ပင်ခံနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပေးခဲ့

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၉)

    အသစ်ဆောက်လုပ်ပြီးစီးခဲ့သော မဲဆောက်-မြဝတီ ထိုင်းမြန်မာအမှတ် ၂ ချစ်ကြည်ရေးတံတားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ဖရာယု ချန်အိုချာ (Prayut Chan-o-cha) တို့ ဦးဆောင်၍ ယနေ့တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ်အင်တာနက်သတင်းက ဖော်ပြသည်။

    ထိုင်းဘက်က ဘတ်ငွေသန်းပေါင်း (၄၂၈၁) သန်း အကုန်ကျခံ တည်ဆောက်ပေးခဲ့သော အဆိုပါဖွင့်ပွဲအခမ်းအနားကို သောင်းရင်းမြစ်ပေါ်ရှိ ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့နယ်တို့ကို ချိတ်ဆက်ပေးထားသည့် တံတား၏အလယ်၌ကျင်းပခဲ့ခြင်း ဖြစ်သည်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုန်သွယ်ရေးပိုမို လွယ်ကူလာသည်နှင့်အမျှ နှစ်နိုင်ငံလုံးအတွက် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသလို အိမ်နီးချင်းနှစ်နှိင်ငံကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် တည်ဆောက်နိုင်ရန် ဖြစ်ကြောင်း၊ ယခုချစ်ကြည်ရေး တံတားသည် နှစ်နိုင်ငံကြား ရုပ်ပိုင်းဆိုင်ရာ ပေါင်းစည်းရေး ဆက်သွယ်မှုသာမက နှစ်နိုင်ငံပြည်သူများအကြား ပေါင်းစည်းဆက်သွယ်မူတွေကိုလည်း တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး ဒေသတွင်း နိုင်ငံများ၏ သာယာဖွံဖြိုးတိုးတက်မူကို ဖော်ဆောင်ပေးနိုင်မည့် တံတားကြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

    အလားတူ ထိုင်းနိုင်ငံ၏ အရှေ့-အနောက်စီးပွားရေးစြင်္ကံ East-West Economic Corridor ဖွံ့ဖြိုးတိုးတက်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မဲဆောက်နှင့်မြဝတီမြို့များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် အခြားဆက်သွယ်ပို့ဆောင်ရေးစီမံကိန်းများအတွက်လည်း ဦးဆောင်လမ်းပြမှုတရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံရေး ရေရှည်တည်တန့်ခိုင်မြဲစေမည်ဖြစ်သလို ထိုင်းနှင့် မြန်မာကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည့် ပြရုပ်တခုဖြစ်ပါကြောင်း ထိုင်းဝန်ကြီးချုပ်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    အမှတ် ၂ ချစ်ကြည်ရေးတံတားသည် မြန်မာဘက်ခြမ်းတွင် ၄ ကီလိုမီတာနှင့် ထိုင်းဘက်ခြမ်းတွင် ၁၇ ကီလိုမီတာချဉ်းကပ်လမ်းရှိပြီး တံတား ၇၆၀ မီတာရှည်လျား၍ လေးလမ်းသွားလမ်းဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်များလည်းပါရှိကြောင်း ဘန်ကောက်ပို့သတင်းက ဆက်လက်ဖော်ပြသည်။

    ထို့ပြင် ကုန်ပစ္စည်းအများစုသည် ထိုင်းဘက်မှမြန်မာသို့ အဓိကစီးဆင်းနေပြီး မဲဆောက်-မြဝတီတွင် နှစ်စဉ် ဘတ်ငွေသန်းပေါင်း ရှစ်သောင်းမှ တစ်သိန်းလောက်ထိ ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း၊ တံတားအသစ်ဖွင့်လှစ်နိုင်သည့်အတွက် မြန်မာချစ်ကြည်ရေးတံတားပေါ်တွင် ပိတ်ဆို့မှုသက်သာစေပြီး ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။



    Photo- နိုင်ငံတော်အတိုင်ပင်ခံနှင့် ထိုင်းဝန်ကြီးချုပ်တို့၏
    ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဖွင့်ပွဲ(Bangkok Post)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks