spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီး ယာယီဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင် ကိုခန့်အပ်

    တနင်္သာရီတိုင်းဒေသကြီး ယာယီဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင် ကိုခန့်အပ်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၂)

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အစား တိုင်းဒေသကြီးအစိုးရ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

    ယာယီအစားထိုးခန့်အပ်လိုက်သော ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီး NLD ပါတီအတွင်းရေးမှူးဖြစ်ပြီး လက်ရှိတွင် ကော့သောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သည်။

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲကြောင်း မတ်လ ၁၁ ရက်နေ့စွဲဖြင့် အမိန့်စာထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏မိခင်ပါတီက ထုတ်ပယ်ရန်စီစဉ်လျက်ရှိကြောင်း NLD ပါတီမှ သိရသည်။

    ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှုတွေနှင့်ပတ်သက်၍ လုံးဝခွင့်လွှတ်မည်မဟုတ်သည်ကို နိုင်ငံတော်အကြီးအကဲများက ပြောဆိုထားပြီးဖြစ်ကြောင်း နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယမန်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့သည်။

    ဒေါက်တာလဲ့လဲ့မော်ကို ထားဝယ်မြို့တရားရုံး၌ ယမန်နေ့က ချုပ်ရက်ရမန် ၂ ပတ်ယူခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမည်မဖော်လိုသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

    ဒေါက်တာလဲ့လဲ့မော် အပါအဝင် Global Grand Services(GGS)ကုမ္ပဏီ ထိပ်တန်းအရာရှိများဖြစ်ကြသော အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဆေးအရေးယူထားခြင်းဖြစ်ပြီး အမှုတစ်ခုတည်းပင် ထောင် ၁၅ နှစ်အထိ ကျနိုင်ကြောင်း ဥပဒေပညာရှင်အချို့က ပြောသည်။

    Photo- တနင်္သာရီတိုင်းဒေသကြီး ယာယီဝန်ကြီးချုပ် ဦးမြင့်မောင်
    (U Myint Maung)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks