Monday, March 9, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီထိပ်တန်းအရာရှိတို့ကို အရေးယူ

    တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီထိပ်တန်းအရာရှိတို့ကို အရေးယူ

    -

    မွန်သတင်းအေဂျင်စီ (မတ် ၁၀)

    တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ်လ ၁၀ ရက် ယနေ့နေ့စွဲဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၁၀-၃-၂၀၁၉ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    ထို့အတူ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဆိုပါ GGS ကုမ္ပဏီအရာရှိတို့အား သက်ဆိုင်ရာမှ ယနေ့ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်ဒေသခံများမှ သိရသည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် အစိုးရအဖွဲ့၏ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းချုံနွယ်ရှင်းလင်းခြင်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြုခဲ့ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးအပ်ခဲ့ခြင်းနှင့် စစ်ဆေးတွေ့ရှိခဲ့သော အခြားသောအဂတိလိုက်စားမှုများကိုလည်း အသေးစိတ်ရေးသား ဖော်ပြထားသည်။

    ထို့ပြင် သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန်တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်မှုကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းနေသည်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

    နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLDပါတီဗဟိုနှင့် NLDပါတီ(ဗဟို) ကိုယ်စားလှယ်များတိုင်ကြားစာဌာနသို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုရှိသည့်အပေါ် စုံစမ်း စစ်ဆေးအရေးယူပေးရန် ထားဝယ်၊ မြိတ်ဒေသခံ ၁၀၀ ကျော်တို့၏ တိုင်ကြားချက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့ကလည်း အထောက်အထားနှင့်တကွ ဇန်နဝါရီလ ၂၈ ရက်နေ့က သက်ဆိုင်ရာသို့ ဆက်လက်အစီအရင်ခံတင်ပြခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၄-၂-၂၀၁၉ ရက်နေ့မှ ၆-၃-၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ကာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်လိုက်သည့်အပေါ် အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။


    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံထားရသူ
    ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks