spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စုလမ်းပြမြေပုံချမှတ်နိုင်ရေး အပစ်ရပ်အဖွဲ့များကြိုးပမ်းမည်

    ဖက်ဒရယ်ပြည်ထောင်စုလမ်းပြမြေပုံချမှတ်နိုင်ရေး အပစ်ရပ်အဖွဲ့များကြိုးပမ်းမည်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၈)

    အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် အဓိကလိုအပ်နေသည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းပြမြေပုံချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ၊ တပ်မတော် တာဝန်ရှိသူများအပြင် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူတကွညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များဖြစ်ကြသည့် ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST က မတ်လ ၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်အပြီး အဆိုပါကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

    PPST အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “ ကျနော်တို့မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့အတွက် လမ်းပြမြေပုံတော့ရှိတယ်၊ ဒါကနိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုဆွေးနွေးမလဲ၊ ဒါပေမယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီအခြေခံတွေကိုရအောင်လုပ်မယ့် လမ်းပြမြေပုံက မရှိဘူးဖြစ်နေတယ်၊ အဲအတွက်ကြောင့် ဒီလမ်းပြမြေပုံကို ကျနော်တို့ဆွေးနွေးရယူနိုင်မယ်ဆိုရင်တော့ ကျနော်တို့အားလုံးကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအခြေခံတဲ့ ယုံကြည်မှုတည်ဆောက်ရေးအခြေခံတွေ ဖြစ်ပေါ်လာမယ်၊ တိုက်ပွဲတွေလည်းရပ်တန့်နိုင်ပြီးတော့ တိုးတက်မှုတွေ တဆင့်ချင်းဖြစ်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ် ” ဟု ပြောသည်။

    PPST စုဖွဲ့မှုနှင့် NCA စာချုပ်ကိုအခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ၂၀၁၉ မေလတွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်သွားမည်ဟု ဆိုသည်။

    “ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို 10+10 ရဲ့ အစည်းအဝေးတွေအရဆိုရင် နောက်ထပ် UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) နှစ်ပွဲသုံးပွဲလောက်နဲ့ အဆုံးသပ်သွားမယ့်ပုံစံမျိုး ကျနော်တို့မြင်နေရတယ်၊ အဲဒီလိုသာသွားနေမယ်ဆိုရင်တော့ ကျနော်တို့ဦးတည်သွားနေတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ နောက်ထပ် UPC နှစ်ပွဲသုံးပွဲလောက်နဲ့ မဖြစ်နိုင်ဘူး ဒီလိုမျိုးနိုင်ငံရေးအခင်းအကျင်းအောက်မှာ ပြောတာပေါ့နော်၊ အဲဒီလိုနိုင်ငံရေးအခင်းအကျင်းကို ဗြောင်းပြန်လှန်လိုက်မယ်ဆိုရင်တော့ အများကြီးကောင်းတာပေါ့၊ ဒါပေမယ့် အဲဒီလိုနိုင်ငံရေးအခင်းအကျင်းဖြစ်ဖို့ အလားအလာကို ကျနော်တို့မမြင်မိဘူး ” ဟု ပဒိုစောတာဒိုမူးက ရှင်းပြသည်။

    အကယ်၍ ၂၀၂၀ ခုနှစ် မကုန်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဆုံးသတ်ပါက မိမိတို့တိုင်းရင်းသားများ အမှန်တကယ်ဆွေးနွေးသင့်သည့်ကိစ္စရပ်များအား မည်သို့မျှဆွေးနွေးခွင့်ရှိတော့မည်မဟုတ်သောကြောင့် မိမိတို့သွားလိုသည့် ဖက်ဒရယ်လမ်းကြောင်းမှ သွေဖည်သွားသည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ DDR-SSR ကိစ္စများ၊ လုံခြုံရေးကဏ္ဍ၊ ပြည်ထောင်စုတပ်မတော်ကိစ္စများ ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးဆွေးနွေးပွဲ Frame Work သာရှိပြီး ဖက်ဒရယ်တစ်ခုလုံးကိုသွားမည့် Frame Work မရှိသဖြင့် ယခုကဲ့သို့အခက်အခဲများ တွေ့ရှိလာရသည်ဟု မိမိတို့ရှုမြင်ကြောင်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

    PPST ခေါင်းဆောင်အပြောင်းအလဲနှင့်ပတ်သက်၍ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက “လက်ရှိ RCSS ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး ယွတ်စစ်နေရာပေါ့နော်။ RCSS ရဲ့ CEC ဖြစ်လဲ RCSS ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဘောင်ခေးကို ကျနော်တို့ အစားထိုးပါတယ်။ KNU ဖက်ကတော့ KNU ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အစား အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ပဒိုစောတာဒိုမူးကို အစားထိုးခန့်အပ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

    အဆိုပါ PPST ၏ စုဖွဲ့မှုပုံစံသစ်နှင့် ဦးဆောင်မှုကို လာမည့်မေလအတွင်းကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပြန်လည်ဆုံးဖြတ်ရွေးချယ်သွားမည်ဟု သိရသည်။

    ယခုကျင်းပပြီးစီးခဲ့သည့် PPST အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU, ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA, ချင်းအမျိုးသားတပ်ဦး CNF, ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြပြီး နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၅၆ ဦး တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဖော်ပြသည်။



    Photo- NCA-S EAO ခေါင်းဆောင်များအမှတ်တရစုပေါင်းဓါတ်ပုံ
    (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks