spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမြန်မာ့ကျွဲကောသီးကို ပြည်ပကမ်းလှမ်းမှုများရှိသော်လည်း လုံလောက်စွာတင်ပို့နိုင်ခြင်းမရှိ

    မြန်မာ့ကျွဲကောသီးကို ပြည်ပကမ်းလှမ်းမှုများရှိသော်လည်း လုံလောက်စွာတင်ပို့နိုင်ခြင်းမရှိ

    -

    အေးအေးမြင့်(ABM)(ဖေဖော်ဝါရီ ၂၄)

    မြန်မာ့ကျွဲကောသီးကို တရုတ်နိုင်ငံအပြင် စင်္ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းမှုရှိသော်လည်း အရည်အသွေးအားနည်းချက်များကြောင့် လုံလောက်စွာတင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။

    “အဓိကတော့ တရုတ်ဝယ်လက်ကိုတောင် ကျွန်တော်တို့ မပေးနိုင်သေးဘူး။ အခြားနိုင်ငံတွေကလည်း ကမ်းလှမ်း ပေမဲ့ စံချိန်စံနှုန်းတွေနဲ့ ပတ်သက်ပြီး သူတို့ သတ်မှတ်ထားတာ ကျွန်တော်တို့ဆီမှာ ဘာမှမရှိဘူး။ အနည်းဆုံးတော့ GAP လက်မှတ်မရှိလို့မရဘူး။ အဲ့ဒါကြောင့် Certificate မလိုတဲ့ တရုတ်နိုင်ငံတောင် မပေးနိုင်ဘူး ဖြစ်နေတယ်။ တရုတ်က ရမယ်ဆိုရင် များများလိုချင်တယ်။ စာချုပ်ချုပ်မယ်ပေါ့။ အနည်းဆုံးတော့ တစ်နေ့ကို ကွန်တိန်နာ ဘယ် နှစ်လုံးပေးနိုင်မလဲ။ တစ်ပတ်ကို ဘယ်နှစ်လုံးပေးနိုင်မလဲ။ တစ်လကို ကွန်တိန်နာ ငါးလုံးလောက် လိုချင်ပေမဲ့ ကျွန်တော်တို့ဆီမှာ အဲ့လောက်မရနိုင်ဘူး”ဟု မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

    အရည်အသွေးကောင်းမွန်သော သီးနှံများထွက်ရှိလာစေရန် စိုက်ပျိုးရေးနည်းစနစ်နှင့် (GAP) အသိအမှတ်ပြု လက်မှတ်ရရှိရန် သင်တန်းများပေးသော်လည်း တောင်သူများအနေဖြင့် စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း သိရသည်။

    “ကျွန်တော်တို့ဆီမှာ လက်ရှိစိုက်ဧကခြံကများတယ်။ ဒါပေမယ့် အမျိုးအမည်များတော့ စိုက်ထားတဲ့ နှုန်းကလည်း မတူသလို သူတို့လိုချင်တဲ့ အမျိုးအစားက အများကြီးမရနိုင်ဘူး။ အဲ့ဒါအပြင် သူတို့လိုချင်တဲ့ မျိုးစိုက်ခြံတွေက ထွက် သမျှရဲ့ သီးနှံ ၅၀ ရာခိုင်နှု်းကလည်း Export တန်းဝင်မဟုတ်ဘူး။ အပြင်ပန်းက အရည်အသွေးညံ့တယ်။ အထဲကအရသာ ဘယ်လောက်ပဲကောင်းကောင်း အပြင်ပန်းက အရည်အသွေးကောင်းဖို့လည်း လိုသေးတယ်။ စင်္ကာပူကလည်း လိုချင်တယ်။ အရှေ့အလယ်ပိုင်းဒေသ နိုင် တွေကလည်း လိုချင်ကြတယ်။ ဒါပေမဲ့ သူနိုင်ငံရဲ့ သက်ဆိုင်ရာ Certificate ရှိမှ တင်ပို့ခွင့်ရမှာပါ” ဟု ဦးမြင့်သိန်းက ပြောသည်။

    ထို့ကြောင့် တောင်သူများအနေဖြင့် လက်ရှိတွင် Global GAP လက်မှတ်မရှိသေးသော်လည်း Myanmar GAP ရရှိထားပါက Export တင်ပို့နိုင်မည့် အရည်အသွေးရှိသော စိုက်ပျိုးရေးခြံများ အများအပြားရှိလာမည်ဖြစ်ကြောင်း သိရသည်။

    လက်ရှိမြန်မာနိုင်ငံတွင် ကျွဲကောစိုက်ပျိုးရာ၌ အရည်အသွေးကောင်းသော မျိုးစိတ်တစ်ခုတည်းကိုသာ Farm များဖြင့် သီးသန့်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ တောင်သူများအကြိုက် စိုက်ပျိုးခြံအတွင်း သီးနှံမျိုးစိတ် အမျိုးအစားလေးမျိုးလောက်ကို ထည့်သွင်းရောနှောစိုက်ပျိုးခြင်းမှာ အဓိကပြဿနာတစ်ခုဖြစ်ကြောင်း သိရသည်။

    “Farm အလိုက် သီးသန့်မရွေးထုတ်နိုင်တာက ပြဿနာပါ။ ဥပမာ အန်တီတို့ ပြည်တွင်းက စိုက်တဲ့ ကျွဲကောသီး က အညှာတစ်ခိုင်မှာ သုံးလုံး၊ နှစ်လုံးလောက် အသီးသီး တယ်။ သူတို့က International စံနှုန်းအတိုင်း အညှာတစ်ခုမှာ အသီးတစ်လုံးပဲ သီးတာလိုချင်တယ်။ ဒါပေမဲ့ အန် တီတို့ဆီက တောင်သူတွေက မပယ်နိုင်ကြဘူး။ ပြီးတော့ သူတို့ပေးတဲ့ ငွေကြေးနဲ့ ပြည်တွင်းက ထုတ်လုပ်တာနဲ့ကြတော့ နည်းနည်းလေး တွက်ခြေမကိုက်ဖြစ်နေတယ်။ အရင်ကျွဲကောအစုအဖွဲ့ွဲ့ ဥက္ကဋ္ဌဟောင်းက နှစ်နှစ်လောက် တော့ ပြည်ပစမ်းပို့သေးတယ်။ ဒါပေမယ့် International market သိချင်လို့သာ Export လုပ်လိုက်တာ တွက်ချေမ ကိုက်ဘူး။ ဒါအဲ့ကြောင့် ပြည်တွင်းမှာပဲ လုံလောက်အောင် ဖြန့်ဖြူးလိုက်တယ်” ဟု ကျွဲကောစိုက်တောင်သူ ဒေါ်နန့်ကြူကြူသင်းက ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ကျွဲကောစိုက်ဧက ခန့်မှန်းခြေ ဧက ၅၀၀၀ ဝန်းကျင်ရှိပြီး ပြည်တွင်းကျွဲကောသီးမျိုးစိတ်ပေါင်း ၂၀ ကျော်အနက် ပန်းကျွဲကောနှင့် ပျားကျွဲကောမျိုးစိတ်သာ ပြည်ပဈေးကွက် အများဆုံးရှိကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိပြီး ပြည်ပက လိုအပ်လျက်ရှိသည့် ကျွဲကောမျိုးများကိုလည်း စိုက်ပျိုးနိုင်သည့် ဒေသများသို့ ဖြန့်ဖြူးလျက်ရှိသည်။

    လက်ရှိတွင် ကျွဲကောစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေသလို မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ မြေနေရာ ရရှိရန် တောင်းဆိုထားခြင်းမှာ တစ်နှစ်ကျော်ဝန်းကျင်ကြာမြင့်သော်လည်း လက်ရှိအချိန်ထိ မြေမရရှိသေးကြောင်း သိရသည်။

    ဖရဲ၊ သရက်၊ ကျွဲကော အပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍမှာ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ပါဝင်ခြင်းကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ပြည်တွင်းပို့ကုန်မြှင့်တင်နိုင် ရေးအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅) နှစ်စီမံကိန်း သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


    Photo-ကျွဲကောသီး(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks