spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းခြေဥ ပြင်ဆင်ရေး ကျိုက်ထိုဒေသခံ ၂၀၀ ကျော် ကြိုဆိုထောက်ခံပွဲပြုလုပ်

    ခြေဥ ပြင်ဆင်ရေး ကျိုက်ထိုဒေသခံ ၂၀၀ ကျော် ကြိုဆိုထောက်ခံပွဲပြုလုပ်

    -


    သြမွန်( ဖေဖော်ဝါရီ ၂၃ ရက်)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဒေသခံ ၂၀၀ ကျော် ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား ကြိုဆိုထောက်ခံပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျိုက်ထိုမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် ယခုကဲ့သို့ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူ ဦးအောင်ဇော်နိုင် က ပြောသည်။

    ဦးအောင်ဇော်နိုင်က ” အခြေခံဥပဒေမှာ ကွက်လပ်တွေ လိုနေသလား။အခြေခံ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုဖြည့်ပေးနိုင်မလဲ။ ဒါကိုထောက်ပြချင်တဲ့ ရည်ရွယ်ချက်လေး ပေါ်လာတဲ့အတွက် ဒီပွဲကိုလုပ်ဖြစ်တယ်” ဟု ပြောသည်။

    ကြိုဆိုထောက်ခံပွဲကို ဂေါက်ကွင်းစုရပ်မှ လွတ်လပ်ရေး ကျောက်တိုင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီသော ပြဋ္ဌာန်းချက်များ ပြင်ဆင်ရေး နှင့် (၂၁) ရာစု ပင်လုံညီလာခံ အောင်ရမည် ဟု ကြွေးကြော်ခဲ့ကြသည်။

    ထောက်ခံပွဲတွင် ပါဝင်ခဲ့သူ ကျိုက်ထိုမြို့ခံ မသဇင်ထွန်း က “လက်ရှိအခြေခံလူတန်းစားတွေ ကြုံတွေ့နေရတဲ့ မတရားညှင်းပမ်းနှိပ်စက်မှုတို့ မတရားဖမ်းဆီး ထောင်ချမှုတို့ဆိုတာ သူတို့လက်ထဲမှာ ရှိနေပါတယ်။ ဒီစာအုပ်အစိမ်းထဲမှာ ရေးထားတဲ့အချက်တွေက အခြေခံလူတန်းစားတွေအတွက် အများကြီး ထိခိုက်နေတယ်။ ဒီစာအုပ်အစိမ်းကြီးကို ပြင်လိုက်မယ်ဆိုရင် ပြည်သူတင်ထားတဲ့အစိုးရလက်ထဲကို ပြည်သူ့အာဏာ တိုက်ရိုက်ထည့်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

    ထောက်ခံပွဲသို့ ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် ကလည်း လာရောက်ဝန်းရံပေးခဲ့သည်။

    “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တစ်နည်းအားဖြင့် ၂၀၀၈ နာဂစ် တစ်သိန်းသုံးသောင်းလောက် သေကြေနေတဲ့အချိန်မှာ ၉၇ ရာခိုင်နှုန်း ထောက်ခံပါတယ်ဆိုပြီးတော့ ပေးခဲ့တဲ့ ဥပဒေဟာ တကယ်တမ်းကျတော့ ဘယ်သူမှ လက်မခံနိုင်လို့ ဒီနေ့ ပြည်သူ့ဆန္ဒထုတ်ဖော်တာ။ ဒါကို ကျနော်တို့ ဝန်းရံပေးတာ ဖြစ်ပါတယ်” ဟု ဦးလှမြင့်က ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုဆိုထောက်ခံပွဲအား လာမည့် ဖေဖော်ဝါရီလ ၂၇ နှင့် မတ်လ ၂ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဆက်လက်ပြုလုပ်မည်ဟု သိရသည်။


    Photo- ခြေ/ဥ ပြင်ဆင်ရေး ကျိုက်ထိုဒေသခံ ကြိုဆိုထောက်ခံပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks