spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းNCA စာချုပ်အပေါ် မွန်လူထုများ ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ဆို

    NCA စာချုပ်အပေါ် မွန်လူထုများ ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ဆို

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၂၁)

    ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စများဖြင့် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့မှုဖြစ်ပေါ်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) ကိုလည်း သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်သဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် မွန်လူထုများ ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ပါတီ၏ ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် ထုတ်ပြန်လိုက်သည်။

    ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်သော အဆိုပါကြေညာချက်တွင် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စစ်စစ်တည်ဆောင်နိုင်ရန်အတွက် မွန်ပြည်သစ်ပါတိုက်ပွဲဝင်လျက်ရှိရာ နိုင်ငံရေးဆွေးနွေးမှုပြုလုပ်နိုင်ရန် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း တပ်မတော်မှသိမ်းဆည်းထားသော မွန်တပ်တည်ဧရိယာများကို ပြန်လည်မလွှဲပေးသည့်အပြင် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ၃ နေရာတို့တွင် မွန်ပြည်သစ်ပါတီ မပါဝင်နိုင်သေးသဖြင့် ဆွေးနွေးမှုများ ကျေလည်မှုမရှိသေးကြောင်း ထုတ်ပြန်ထားသည်။

    မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက “တစ်နေ့ကလည်း အလွတ်သဘောအနေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အချိန်မှာ ဆိုင်ရာကိုကျနော်တို့ အသိပေးတယ်၊ ကျနော်တို့က JMC-U မှာတော့ တစ်ဦးပါတယ်၊ JMC-S မှာ ဥပမာ ကျနော်တို့ကို မွန်ပြည်နယ်ပဲ သူတို့ပါဝင်ခွင့်ပေးမယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ မပေးဘူးဆိုရင် ဒီမွန်ပြည်နယ် JMC-S မှာပါဝင်ဖို့ ကျနော်တို့ဆုံးဖြတ်ချက်မရှိဘူး” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှဦးစီးကျင်းပသော ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ တပ်တည်ဧရိယာ ဗလဲ့ဒွန်ဖိုက်ကျေးရွာ၌ စစ်ရေးပြအလံတင်အခမ်းအနားဖြင့် ကျင်းပခဲ့ပြီး သတင်းထောက်များအား ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    အလားတူ ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်၌ ကျင်းပသည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခန်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့သောသဝဏ်လွှာတွင် မိမိတို့လျှောက်လှမ်းနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းတွင် စိန်ခေါ်မှုများရှိနေသည်မှန်သော်လည်း ပြည်ထောင်စုသားသမီးတို့၏ ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟုလည်း အခိုင်အမာယုံကြည်ထားပါသည်ဟု ဆိုသည်။

    ၎င်းသဝဏ်လွှာကို တိုင်းရင်းသားလူမျိုးများရေးရာဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က “ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်သို့ ဦးတည်လျှောက်လှမ်းရာတွင် မွန်တိုင်းရင်းသားများအနေဖြင့် အခြားသောတိုင်းရင်းသားညီအစ်ကိုယ်မောင်နှမများနှင့်အတူ လက်တွဲပြီး စုစည်းညီညွတ်စွာဖြင့် တက်ကြွစွာ ဆက်လက်ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာပေးပို့အပ်ပါသည်” ဟု ဖတ်ကြားသည်။

    ဤနေ့ဤအခါတွင် ငြိမ်းချမ်းရေး၏အာရုံဦး နေခြည်သစ်များ မွန်ပြည်နယ်တစ်ခုလုံး၌ လင်းလက်တောက်ပလျက် နွေးထွေးတောက်ပစွာ လွှမ်းခြုံလာနေသည်မှာလည်း မွန်တိုင်းရင်းသားအားလုံးအသိပင်ဖြစ်ပါသည်ဟု သဝဏ်တွင် ပါရှိသည်။

    ထို့အတူ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားများကို ယမန်နေ့တွင် ရန်ကုန်၊ မော်လမြိုင်၊ မုဒုံနှင့် မွန်ကျေးရွာများအပြင် ထိုင်းနိုင်ငံ၌လည်း တပြိုင်တည်းကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် မွန်မင်းညီနောင် သမလနှင့် ဝိမလတို့ ဟံသာဝတီ ပဲခူးမြို့နန်းတည်ထောင်ခဲ့သည့်နေ့ကိုအစွဲပြု၍ မွန်အမျိုးသားနေ့ကို သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားတွင် သဘာပတိ နိုင်အောင်မင်း မိန့်ခွန်းပြောကြားစဉ်(MNA)

    Photo- မွန်ပြည်သစ် စစ်ရေးပြမြင်ကွင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks