spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဖယ်ရှားရေး ကရင်နီလူငယ်အင်အားစုမှ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆို

    ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဖယ်ရှားရေး ကရင်နီလူငယ်အင်အားစုမှ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၁၂)

    လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ယခုလဆန်းပိုင်းအတွင်း ကယားပြည်နယ်အစိုးရ စိုက်ထူခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖယ်ရှားရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူငယ်အင်အားစုခေါင်းဆောင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကရင်နီပြည် လူငယ်အင်အားစု ၁၀၀ ကျော်ခန့််က ပြည်နယ်လွှတ်တော်ဟစ်တိုင်နေရာတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်မှစတင်ပြီး ပိုစတာ၊ ကြွေးကျော်သံများဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ပါဝင်လှုပ်ရှားသူ ကိုဒီးဒီးက ဆိုသည်။

    “ကြေးရုပ်ဖယ်ရှားပေးရေး-ဒို့အရေး-ဒို့အရေး။ ဝန်ကြီးချုပ် ဖယ်ရှားပေးရေး-ဒို့အရေး-ဒို့အရေး ကြွေးကျော်သံအမျိုးမျိုးနဲ့ ဆန္ဒဖော်ထုတ်တာပါ၊ ကျနော်တို့ကတော့ ဒီရုပ်တုဖယ်ရှားရေးကို အမြဲတမ်းလုပ်ဆောင်သွားမယ်၊ ကြေးရုပ်ထုတည်ဆောက်တာကို ကျနော်တို့အမြဲတမ်းဆန့်ကျင်သွားမယ်၊ ကျနော်တို့ခေတ်မှာ မရတောင်မှ သားစဉ်မြေးဆက်တွေကို ဒီဟာတွေဆန့်ကျင်သွားဖို့ ကျနော်တို့ လုပ်ဆောင်သွားမှာပါ”ဟု ကိုဒီးဒီးက ပြောသည်။

    အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ဖေဖော်ဝါရီ ၂ ရက်နေ့က စိုက်ထူခဲ့သည်မှစတင်ပြီး ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရုံးရှေ့ သပိတ်စခန်းဖွင့်လှစ် ဆန္ဒဖော်ထုတ်ခဲ့သောလူငယ်များအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထပ်မံတရားစွဲဆိုခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ စုစုပေါင်းတရားစွဲဆိုခံထားရသူ ကရင်နီလူငယ် ၅၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

    မြန်မာ့အမျိုးသမီး သမဂ္ဂ အထွေထွေအတွင်းရေးမှူး မော်အယ်ဝါးက “ကယားပြည်နယ်အစိုးရကနေပြီးတော့ အတင်းအဓမ္မတည်ဆောက်လိုက်တဲ့ ဗိုလ်ချုပ်ရုပ်ထု ဗိုလ်ချုပ်ကြေးရုပ်ဟာပေါ့နော် NLD ရဲ့ အမျိုးသားတန်းတူရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်းနဲ့ လုံးဝသွေဖီနေပါတယ်၊ နောက်ပြီးတော့ ကရင်နီပြည်နယ်လူငယ်အင်အားစုတွေရဲ့ လှုပ်ရှားမှုကို ပြည်ထောင်စုအစိုးရအဆင့် အနေနဲ့ ဝင်ရောက်ဖြန်ဖြေပေးဖို့ လိုအပ်တယ်ပေါ့နော်၊ လက်ရှိကြေးရုပ်တည်ဆောက်မှုတွေနဲ့ပတ်သက်ပြီးတော့ မတရား တရားစွဲဆိုခံထားရတဲ့လူငယ်အမှုတွေကို ချက်ချင်းရုတ်သိမ်းပေးဖို့ လိုအပ်တယ်” ဟု ဆိုသည်။

    အလားတူ ယမန်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဗိုလ်ချုပ်ရုပ်တုကို ကန့်ကွက်မှုများရှိခဲ့သော်လည်း အာဏာပိုင်များက မဖြစ်မနေစိုက်ထူခဲ့သလို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုလည်း သင်္ဘောဆေးလောင်းခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။


    Photo-ကယားပြည်နယ် လွှတ်တော်ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ကြစဉ်(PKPF)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks