Tuesday, March 17, 2026
More
    spot_img
    Homeသတင်းပြည်နယ်များတွင် ဗိုလ်ချုပ်ရုပ်ထု အဓမ္မအတင်းထားရှိခြင်းသည် လူမျိုးရေးမုန်းတီးမှုကိုဖြစ်ပေါ်စေဟု မွန်လူငယ်ပြော

    ပြည်နယ်များတွင် ဗိုလ်ချုပ်ရုပ်ထု အဓမ္မအတင်းထားရှိခြင်းသည် လူမျိုးရေးမုန်းတီးမှုကိုဖြစ်ပေါ်စေဟု မွန်လူငယ်ပြော

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၄)

    ပြည်နယ်အသီးသီးတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု အဓမ္မအတင်းလာရောက်ထားရှိခြင်းက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမဖြစ်စေသည့်အပြင် လူမျိုးရေးမုန်းတီးမှုကိုပါ ဖြစ်ပေါ်စေသည်ဟု မွန်လူငယ်များဆုံရပ် Mon Youth Forum- MYF အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေသခံကရင်နီလူထုများကန့်ကွက်နေသည့်ကြားက ယခုရက်ပိုင်းအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထု စိုက်ထူလိုက်သည့်အပေါ် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

    မင်းဇာနည်ဦးက “ဒီလိုအတင်းအဓမ္မ လာထားရင် သက်ရောက်မှုက လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေတယ်၊ ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အကြည်ညိုပျက်စေတဲ့သဘော မဟုတ်ပါဘူး၊ မလေးစားတာလည်း မဟုတ်ပါဘူး၊ ဒါကလူမျိုးတစ်မျိုးအပေါ် ဝါးမြိုမှုတစ်မျိုးပဲလို့ မြင်မိတယ်” ဟု ဆိုသည်။

    ထို့အတူ တိုင်းရင်းသားများအနေဖြင့် တန်းတူးရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မရသေးခင် ကာလကြား ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လာရောက်စိုက်ထူခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ခြင်းပင်ဖြစ်ကြောင်း ကရင်နီပြည် လူငယ်အင်အားစုမှ ကိုဒီးဒီးက ပြောသည်။

    ကိုဒီးဒီးက “ဒီကြေးရုပ်ထုကို အတင်းအဓမ္မ လာပြီးတည်ဆောက်သွားတာကို ကျနော်တို့ ကန့်ကွက်ရှုပ်ချတယ်၊ ဒီကြေးရုပ်ကို နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုတယ်၊ ကျနော်တို့အနေနဲ့ NLD ပါတီတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစကားပြောချင်တယ်” ဟု ဆိုသည်။

    သို့ရာတွင် ကိုဒီးဒီးအပါအဝင် ကရင်နီပြည် လူငယ်အင်အားစုမှ လူငယ် ၃၀ ခန့်သည် ကယားပြည်နယ် NLD ရုံးချုပ်ရှေ့၌ ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်ပိုင်းက သပိတ်စခန်းဖွင့်လှစ်ပြီး ကယားပြည်နယ်သို့ ခေတ္တရောက်ရှိလာသော NLD ပါတီဗဟိုမှထိပ်ပိုင်းခေါင်းဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုအလွဲအမှားများ တင်ပြတိုင်ကြားရန်ကြိုးစားခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်းမရှိပေ။

    အလားတူ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ လွေးလှားရိုန်းက “ဗိုလ်ချုပ်အောင်ဆန်းကို ကျမတို့ငယ်ငယ်ကတည်းက လေးစားပြီးသား၊ တိုင်းရင်းသားတွေကလည်း လေးစားပြီးသား၊ ဒါပေမယ့်အခုဟာက တိုင်းရင်းသားဒေသမှာ စီမံချက်လုပ်နေတဲ့လူတွေကပဲ ပိုပြီးတော့ နာမည်ပျက်တာရှိတယ်၊ ပြီးတော့ အဲဒီလိုဟာတွေလုပ်နေမယ့်အစား တိုင်းရင်းသားဒေသတွေမှာ လိုအပ်နေတဲ့ပညာရေး လိုအပ်နေတဲ့တခြားအရေးကဏ္ဍတွေမှာ လုပ်နေတယ်ဆိုရင်တော့ အခုအစိုးရ ဘယ်လောက်များ ချီးကျူး ခံရမလဲပေါ့နော်” ဟု ပြောသည်။

    ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်ထုသဏ္ဍာန်တူသော မြင်းစီးကြေးရုပ်ထုအား ကရင်နီပြည် တိုင်းရင်းသားပြည်သူများ၏ သဘောဆန္ဒကိုလစ်လျူရှုကာ အတင်းအဓမ္မစိုက်ထူလာခြင်းကြောင့် ကရင်နီပြည် လူငယ်အင်အားစုများမှ ကန္တာဟေဝန်ပန်းခြံရှေ့တွင် ထိုင်သပိတ်ပြုလုပ်၍ဆန္ဒထုတ်ဖော်ခြင်းအပေါ် ထောက်ခံကြိုဆိုဂုဏ်ယူအပ်ပါသည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့စွဲဖြင့် တအာင်းအရပ်ဖက်အဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် ယင်းဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ်အစိုးရဦးစီးစိုက်ထူခဲ့ခြင်းမဟုတ်ဘဲ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူတချို့ပါဝင်သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို အသိပေးပြောဆိုခဲ့သည်။

    ယင်းသို့ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ထုတ်သူများကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ပြည်နယ်အစိုးရက လွိုင်ကော်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားပြီး ယမန်နှစ်ကတည်းက ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်အပေါ် ကန့်ကွက်ဆန္ဒပြမှုများတွင် ကရင်နီလူငယ် ၂၃ ဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ဘူးကြောင်း သတင်းရရှိသည်။


    Photo- လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် (ကယားပြည်နယ်အစိုးရ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks