spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်တွင် ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပိုမိုမြင့်တက်လာ

    မွန်တွင် ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပိုမိုမြင့်တက်လာ

    -

    မင်းချမ်းညီ၊ မင်းသူရိန် (မော်လမြိုင်၊ ဖေ-၃)

    မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် တစ်နှစ်လုံး မူးယစ်ဆေးဝါး ကျပ်သန်း ၁၄၇၃ သန်းကျော် ( ၁၄၇၃ ,၁၁၇,၅၀၁ ဒဿမ ၆ ) တန်ဖိုး ဖမ်းဆီးရမိပြီး ကျား -၆၄၉ ဦးနှင့် မ- ၇၄ ဦး စုစုပေါင်း ၇၂၃ ဦးကို တရားစွဲဆိုခဲ့ရသဖြင့် ယခင်နှစ်များထက် ပိုမိုမြင့်တက်လာကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ၂၀၁၇ ခုနှစ်က မူးယစ်အမှု ၂၇၀ မှုတွင် ကျား- ၄၄၄ ဦးနှင့် မ-၃၆ ဦး စုစုပေါင်း ၄၈၀ ဦး၊ ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါး ၂၈၃ မှုတွင် ကျား – ၃၇၈ ဦး နှင့် မ- ၃၇ ဦး စုစုပေါင်း ၄၁၅ ဦးတို့ကို မွန်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူး(ဦးစီး) ရဲမှူး မြင့်ဝင်းက “သုံးစွဲတာတွေက ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတယ်။ အများဆုံးကတော့ စိတ်ကြွဆေးပြားပါ။ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါးနဲ့အပြစ်ကျတဲ့တရားခံတွေ ပြစ်ဒဏ်စီရင်တဲ့အထဲမှာတော့ ကျား ၃၈၃ ဦး၊ မ ၄၇ ဦး စုစုပေါင်း ၄၃၀ ဦးဖြစ်ပါတယ်“ ဟု ပြောကြားသည်။

    ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှု ၄၃၄ မှု အနက် စိတ်ကြွဆေးပြား ၄၀၂ မှု၊ ဆေးခြောက်၊ ဘိန်းစာရွက်၊ ဘိန်းဖြူ နှင့် ICE တို့ ၃၂ မှုရှိခဲ့ရာ သထုံခရိုင်တွင် မူးယစ်ဆေးဝါးမှု ၁၀၅ မှု၊ မော်လမြိုင်ခရိုင်တွင် ၃၂၉ မှုအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု များပြားသော်လည်း နဂိုလ်အခြေအနေထက် ပိုမဆိုးရအောင် ထိန်းချုပ်နိုင်သည့်အခြေအနေမျိုးသာရှိနေကြောင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် ဒုတိယအကြိမ်လွှတ်တော် (၃) နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ပြည်နယ်ဝန်ကြီးချုပ်က “အစိုးရအဖွဲ့ရဲ့ အဓိက မအောင်မြင်မှုကတော့ ပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးကဏ္ဍနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေက အင်မတန်မှ များပြားတယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေ၊ နဂိုအခြေအနေထက် ပိုမဆိုးရအောင် ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးပဲရှိပြီးတော့ ပိုမိုတိုးတက်အောင်မြင်လာတဲ့အခြေအနေမျိုး မတွေ့ရှိရသေးပါဘူး။ ဒါကိုအမှန်အတိုင်း ပြောဆိုရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

    အချို့ကျေးရွာများတွင် ဘိန်းစာရွက်နှင့် ကိုကာကိုလာရောပြီး သောက်သုံးသည့် အလေ့အထများ ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်ပျက်နေကြောင်း၊ မိမိအနေဖြင့် အရှိကို အရှိအတိုင်းပြောဆိုခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းသော ပြည်သူလူထုများ အပါအဝင် ဘာသာရေးဆိုင်ရာ ဆရာတော်၊ သံဃာတော်များပါမှသာလျှင် အဆိုပါမူးယစ်ဆေးဝါးကိစ္စများကို ထိန်းချုပ်နိုင်မည့် အခြေအနေမျိုးရှိကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က “တစ်နိုင်ငံလုံးအနေအထားနဲ့ ကြည့်ရင် အကျဉ်းထောင်တွေထဲမှာ မူးယစ်မှုနဲ့ ကျခံနေရသူတွေများတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာတွေ၊ ရောင်းချရန် လက်ဝယ်ထားရှိတာတွေနဲ့ ကျတာများပါတယ်။ကျန်တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှုတွေနဲ့ နာကျင်စေမှုတွေလည်းရှိပေမယ့် များသောအားဖြင့် မူးယစ်ဆေးဝါးမှုနဲ့ အပြစ်ကျတာများပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်းကျော်လောက်ရှိပါတယ်” ဟု ပြောသည်။


    Photo- မွန်ပြည်နယ်ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မိန့်ခွန်းပြောကြားစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks