spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းရပ်တန့်နေသည့်ငြိမ်းချမ်းရေးကိုရွေ့အောင်တွန်းနိုင်ဖို့ စကားဝိုင်းများများလုပ်ရန်လိုအပ်ဟု JMC-S မွန် ဒုဥက္ကဌပြော

    ရပ်တန့်နေသည့်ငြိမ်းချမ်းရေးကိုရွေ့အောင်တွန်းနိုင်ဖို့ စကားဝိုင်းများများလုပ်ရန်လိုအပ်ဟု JMC-S မွန် ဒုဥက္ကဌပြော

    -

    ဝံသမွန် (မော်လမြိုင်၊ ဇန်-၃၁)

    လက်ရှိရပ်တန့်နေသော ငြိမ်းချမ်းရေးကို ရွေ့သွားစေရန်တွန်းနိုင်ရေးအတွက် “ငြိမ်းချမ်းရေး စကားလက်ဆုံ” စကားဝိုင်းများများလုပ်ပေးရန်လိုအပ်ကြောင်း မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဒုဥက္ကဌ (၂) စောဟိုရှေးက ပြောကြားလိုက်သည်။

    လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို မွန်ပြည်နယ်အတွင်းရှိ ဒေသခံ အဖွဲ့အစည်းများကြား အတူတကွဆွေးနွေးသွားနိုင်ရန် ရည်ရွယ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ဒေသအခြေစိုက် သံလွင်တိုင်းမ်သတင်းဌာန နှင့် နိုင်ငံတကာမြန်မာ့သတင်းဌာန (BNI) တို့ ပူးပေါင်းပြီး မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် “ ငြိမ်းချမ်းရေး စကားလက်ဆုံ” ဆွေးနွေးပွဲတစ်ရပ် ကျင်းပစဉ် ၎င်းကပြောကြားခြင်း ဖြစ်သည်။

    စောဟိုရှေးက “ကျွန်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဖက်တစ်လမ်းကနေပါဝင်နေရတဲ့အတွက် နိုင်ငံတော်အနေနဲ့ အစိုးရသော်လည်းကောင်း၊ တပ်မတော်သော်လည်းကောင်း၊ EAO သော်လည်းကောင်း၊ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့တယ်၊ တွေ့ပြီးတော့ ဖြစ်နေတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဥပမာ ပြောရမယ်ဆို အနာလည်းသိနေပြီးဆိုတော့ ဆေးကမရှိဘူးဆိုတော့ မဖြစ်နိုင်ဘူး စေတနာရှိဖို့လိုတယ်” ဟု ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ် JMC-S တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ဖွဲ့သာအဓိက ပါဝင်လျက်ရှိပြီး တစ်နှစ်ကြာနီးပါးခန့် NCA လက်မှတ်ရေးထိုးပြီးခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP ပါဝင်နိုင်ခြင်း မရှိသေးပေ။

    “ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်သတင်း ရေးသားနေသည့် သတင်းထောက်တွေအနေနဲ့ ဘာလုပ်နေလဲ၊ ဘယ်လိုအခက်အခဲတွေရှိနေလဲဆုတာကို ချပြလို့ရမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ဘက်က ဘယ်လိုမျိုးစိုးရိမ်မှုမျိုးတွေရှိနေလဲဆိုတာကို နှစ်ဦး နှစ်ဖက်သိရှိအောင် ကျွန်တော်တို့က ပေါင်းကူးပေးတဲ့သဘောအနေနဲ့ ဒီပွဲကျင်းပရတာ ဖြစ်တယ်” ဟု BNI မှ ဦးညိုမင်းက မွန်သတင်းအေဂျင်စီကို ပြောသည်။

    လက်ရှိအခြေအနေတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်ကြား ဖြစ်ပေါ်နေသည့်အခက်အခဲများကို မည်ကဲ့သို့ဖြေရှင်းရမည်ကို စကားဝိုင်းနှင့် ဆွေးနွေးပွဲများများပြုလုပ်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း မွန်လူမှုအဖွဲ့အစည်းမှ မင်းအောင်ထူးက ဆိုသည်။

    မင်းအောင်ထူးက “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေတဲ့ ကဏ္ဍမျိုးစုံမှ အမြင်တွေ၊ လူမှုအဖွဲ့အစည်းမှအမြင်တွေ၊ အစိုးရဘက်ကအမြင်တွေ အားလုံးပူးပေါင်းပြီးတော့ ဝိုင်းဝန်းဆွေးနွေးကြတဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာကြောင့်တစ်ဆို့မှုတွေဖြစ်နေလဲ၊ ဒီတစ်ဆို့မှုတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အမြင်တွေ၊ အကြံအဉာဏ်တွေကို ဒီဆွေးနွေးပွဲကနေရလာခဲ့တယ်” ဟု ဆိုသည်။

    ယင်းဆွေးနွေးပွဲကို JMC-S မွန် အရပ်သားကိုယ်စားလှယ်များ၊ မွန်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများတက်ရောက်ပြီး လက်ရှိမြေပြင်အခြေအနေတွင်ဖြစ်ပျက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဆွေးနွေးဖလှယ်ကြခြင်း ဖြစ်သည်။

    အလားတူ “ငြိမ်းချမ်းရေးစကားလက်ဆုံ” ဆွေးနွေးပွဲကို လွိုင်ကော်၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များတွင်ကျင်းပခဲ့ပြီး လာမည့် လာမည့်မတ်လတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း BNI မှသိရသည်။


    Photo- ငြိမ်းချမ်းရေးစကားလက်ဆုံ ဆွေးနွေးပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks