Homeသတင်း“ဆန်းသစ်တီထွင်ဖန်တီးရန် အနာဂတ်အတွက်မနက်ဖြန်" ပြပွဲတွင် တက္ကသိုလ်ကျောင်းသားများ၏ တီထွင်မှုများကို ပြသမည်

“ဆန်းသစ်တီထွင်ဖန်တီးရန် အနာဂတ်အတွက်မနက်ဖြန်” ပြပွဲတွင် တက္ကသိုလ်ကျောင်းသားများ၏ တီထွင်မှုများကို ပြသမည်

-

မင်းချမ်းညီ ( မော်လမြိုင်၊ ဇန်-၂၅)

အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် ရည်ရွယ်၍ “ဆန်းသစ်တီထွင်ဖန်တီးရန် အနာဂတ်အတွက်မနက်ဖြန်(Students Fair and Career Development)” ပြပွဲတွင် တက္ကသိုလ်ကျောင်းသားများ၏ တီထွင်မှုများကို မော်လမြိုင်နည်းပညာတက္ကသိုလ်၌ ဇန်နဝါရီလ ၂၆ရက် မှ ၂၇ ရက်နေ့၊ မနက် ၉ နာရီမှ ညနေ ၄ ရီအထိ နှစ်ရက်တာ ပြသသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ခံများ ထံမှ သိရသည်။

Student Fair and Career Development မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းပြည့်စုံသူက “ကျောင်းသားကျောင်းသူတွေရဲ့ လေ့လာဆန်းသစ်တီထွင်ထားတဲ့ ပရောဂျက်တွေကို ပြသမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာမယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေက သူတို့အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်ပေးမယ်။ ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီး ရစေတဲ့အတွက် လာတက်သင့်တယ်” ဟု ဆိုသည်။

အဆိုပါ အခမ်းအနားကို ပထမဦးဆုံးကျင်းပခြင်းဖြစ်ပြီး မွန်ပြည်နယ်အစိုးရကလည်း Official Sponsored အဖြစ် ၇၅ သိန်းထောက်ပံ့ထားသည့်အပြင် မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်များအပြင် သာသနာနွယ်ဖောင်ဒေးရှင်းမှလည်း ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုစန်းသိန်းဝင်းက “ဒီလိုပွဲမျိုးတွေလုပ်ပေးတာကို ကြိုလည်းကြိုဆိုတယ်။ ဦးဆောင်တဲ့ကော်မတီတွေကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကျောင်းတွေက တစ်ကျောင်းနဲ့တစ်ကျောင်း ပညာရပ်ပိုင်းဆိုင်ရာတွေ ဖလှယ်ခွင့်ရလာမယ်။ လူငယ်တွေ ကျောင်းသားတွေပိုတက်သင့်တယ်။ ကိုယ်ဝါသနာပါရာ အားသန်ရာကို လေ့လာခွင့်ရမယ်။ ဆရာတွေနဲ့ ဆွေးနွေးခွင့်ရမယ်။ ဒီလိုအခွင့်အရေးမျိုးက တော်ရုံတန်ရုံမရနိုင်ပါဘူး” ဟု ပြောသည်။

ပြသမည့် ပရောဂျက် ၄၄ ခု ရှိပြီး ကွန်ပျူတာဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအင်အား၊ အီလက်ထရောနစ်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ မက္ကာထရောနစ်နှင့် စက်မှုစွမ်းအား အင်ဂျင်နီယာ ဘာသာရပ်ပိုင်းဆိုင်ရာ တီထွင်မှုများကို ပြသမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆွေးနွေးကြရန်လည်းရှိကြောင်း သိရသည်။

အဆိုပါ ပွဲတွင် Knowledge Sharing ဟောပြောမည့် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “နိုင်ငံရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍလည်း အများကြီးပါဝင်တဲ့အတွက် လူငယ်နဲ့ နိုင်ငံရေးအကြောင်း Sharing လုပ်ပေးမှာပါ“ ဟု ပြောသည်။

အဆိုပါ ပြပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ လူမှုဆက်ဆံရေး၊ ပညာရေးနှင့် လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးစသည့် နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင် ၃၃ ဦးက လာရောက် ပညာပို့ချ မျှဝေပေးမှာဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ မော်လမြိုင်ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ် ၊ သထုံကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသိပ္ပံ ၊ ဘားအံတက္ကသိုလ်၊ ဘားအံနည်းပညာတက္ကသိုလ် စသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ၊ အခြေခံပညာကျောင်းမှာကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြမှာဖြစ်ပြီး ၎င်းတို့တီထွင်ဖန်တီးထားသည့် ပရောဂျက်များကိုလည်း ခင်းကျင်းပြသသွားမည် ဖြစ်သည်။


Photo- Students’ Fair and Career Development 2019(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts