spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးသဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြီးစီး

    မွန်နိုင်ငံရေးသဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြီးစီး

    -

    ရွှေရိုး(ဝယ်ဇင်၊ ဇန်-၈)
    နှစ်ရက်တာကြာမြင့်သော မွန်နိုင်ငံရေးသဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးမြို့နယ်၊ ဝယ်ဇင်စခန်း၌ ဇန်နဝါရီ ၇ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်း တွေ့ရှိရသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာန ဒုတိယတာဝန်ခံ နိုင်အောင်မငေးက ” နိုင်ငံရေးဆွေးနွေးပွဲတွေ တက်ရောက်ဆွေးနွေးတဲ့အခါမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး မွန်တိုင်းရင်းသားတွေအနေနဲ့ အမြင်သဘောထားတစ်ခုတည်းဖြစ်စေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တာဖြစ်တယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ထို့ပြင် အစိုးရနှင့် အခြားတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးသည့်အခါတွင်လည်း ဖက်ဒရယ်နှင့်ပတ်သက်၍ မွန်လူမျိုးတို့၏ သဘောထားအမြင်ကို ချပြနိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်သူ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ မင်းအဲမွန်က “ဒီ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ရင်းကတော့ EAOs တွေ စုစည်းရေးဆွဲထားတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် (ပထမမူကြမ်း) ကို ချပြပြီး ဘုံနိုင်ငံရေးရည်မှန်းချက်နဲ့ လမ်းညွှန်အခြေခံမူတွေကို ရယူအတည်ပြုတာရယ်၊ ဒုတိယနေ့မှာ ယနေ့တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးခရီးကို မွန်ပြည်သူတွေကိုယ်စား မွန်ပြည်သစ်ပါတီအနေနဲ့ ပါဝင်ပုံဖော်မယ့်အခါ ဘယ်လိုမျိုး နည်းနာနိဿယျ အသစ်တွေနဲ့ ဒီ အခက်အခဲကြီးကို ကျော်လွှားကြမလဲဆိုတဲ့ Inputs သဘောထားအမြင် တောင်းခံပွဲပဲဖြစ်ပါတယ်” ဟု ဆိုသည်။

    ထို့ပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်သည့်နေရာတွင် စစ်တပ်က ရိုးသားမှုမရှိသရွေ့၊ နိုင်ထက်စီးနင်းအကျင့်ကို မပယ်ဖျက်သရွေ့ တစ်ဆို့မှုများ Deadlock ဆက်ရှိနေပါဦးမည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
    “အခုမွန်ပြည်သစ်ဦးဆောင်တဲ့ ဆွေးနွေးပွဲကလည်း Inputs တွေကို ချုပ်ကြည့်ရင် စစ်တပ်ရဲ့ ဒါသဘောတူမှ ဟိုဟာ ဆက်သွားမယ်ဆိုတဲ့ ညွှန်ကြားမှုတွေကို လုံးဝ လက်သင့်မခံတဲ့အမြင်တွေ၊ ကိုယ့်ပြည်သူတွေ Impacts မကြီးအောင် အခြေအနေကြည့်ပြီး ဆင်ဝှေ့ရန်ရှောင် သဘောမျိုးနဲ့ လိမ္မာပါးနပ်စွာ သွားဖို့လိုအပ်ကြောင်း အမြင်တွေ၊ ဘယ်နိုင်ငံမှ တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှ သမ္မတရဲ့ အထက်မှာ မရှိရဘူးဆိုတဲ့ အမြင်မျိုးတွေသာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မွန်ပြည်သစ်ပါတီရဲ့ CSOs, CBOs, ပညာရှင်တွေရဲ့ သဘောထားကို ပိုမိုရယူတဲ့ အလေ့အထကိုတော့ ကြိုဆိုပါတယ်၊ အဓိက ပြည်တွင်းအခြေစိုက် ရဟန်းရှင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေ ဥပဒေပညာရှင်တွေနဲ့ မွန်ညီညွတ်ရေးပါတီက အသံတွေ အကြံပြုချက်တွေကို တလေးတစား ရယူသွားတာကိုတော့ တွေ့ရတယ်” ဟု မင်းအဲမွန်က ဆက်ပြောသည်။
    အဆိုပါမွန်နိုင်ငံရေးသဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် လူငယ်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
       
    Photo-မွန်နိုင်ငံရေးသဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks