spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကုလားဂုတ်ကျွန်းလေပြင်းတိုက်မှုတွင် ပြိုလဲပျက်စီးခဲ့သည့်အိမ်တစ်လုံးစီကို ကျပ်ငွေတစ်သိန်း ထောက်ပံ့မည်

    ကုလားဂုတ်ကျွန်းလေပြင်းတိုက်မှုတွင် ပြိုလဲပျက်စီးခဲ့သည့်အိမ်တစ်လုံးစီကို ကျပ်ငွေတစ်သိန်း ထောက်ပံ့မည်

    -

    မင်းချမ်းညီ (မော်လမြိုင်၊ ဇန် ၉)

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်းကျေးရွာအုပ်စုရှိ အောက်ဆိပ်ကျေးရွာကို ယမန်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်များအတွက် တစ်လုံးကို ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သွားမှာဖြစ်ကြောင်း မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

    ယနေ့ နောက်ဆုံးကောက်ခံထားသည့်စာရင်းများအရ လေပြင်းတိုက်မှုကြောင့် ကုလားဂုတ်ကျွန်းရှိ လူနေအိမ် ၁၁၁ လုံးပြိုလဲပျက်စီးခဲ့ရာတွင် လေဘေးသင့်ပြည်သူ ၁၉၀၀ ကျော်အနက် ဒဏ်ရာရရှိသူ ၁၅ ဦး၊ အိမ်ထောင်စု ၃၉၂ စု လေဘေးသင့်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် လမ်းမီးတိုင်၊ ဓာတ်တိုင်များလည်း ပျက်စီးခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒါ်ဖြူဖြူအေးက ပြောသည်။

     “လက်ရှိလေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးပေးမယ်။ အိမ်ဆောက်ပစ္စည်းဖိုးနဲ့ ဆန်ရိက္ခာဖိုးငွေတွေပေးမယ်။ ဆန်ရိက္ခာက ၂ ပတ်စာ၊ ၁၄ ရက်စာပေါ့။ အခုလောလောဆယ်တော့ လေဘေးသင့်ပြည်သူတွေ ယာယီနားခိုလို့ရအောင်တော့ စီစဉ်ထားပေးတယ်။ ပျက်စီးဆုံးရှုံးတာက သိန်း ၃၀၀ ကျော်တယ်”ဟု ၎င်းက ပြောသည်။

    ပြိုကျပျက်စီးခဲ့သည့်နေအိမ်အားလုံးအတွက်ငွေကျပ် ၁၁၁ သိန်း၊ တစိတ်တပိုင်း ပျက်စီးခဲ့သည့် နေအိမ် ၂၈၁ လုံးအတွက် အိမ်တစ်လုံးကို ကျပ်ငါးသောင်းစီ၊ အမိုးလန်ဘုန်းကြီးကျောင်း၂ ကျောင်းကို တစ်ကျောင်းကို ကျပ်တစ်သိန်းစီ၊  လေဘေးသင့်သူများအား ဆန်ဖိုးငွေ ၁၄ ရက်စာအတွက် တစ်ဦးကို ၄၂၀၀ ကျပ်ဖြင့် ထောက်ပံ့သွားမှာဖြစ်ကြောင်း ဒေါ်ဖြူဖြူအေးက ဆိုသည်။
    Photo-ကုလားဂုတ်ကျွန်းလေပြင်းဒဏ်ခံရပုံ(San Myo Naing)
    ထို့အတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအပါအဝင် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များလည်း ယနေ့တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
    “ထိခိုက်ဒဏ်ရာရတာက ၁၅ ယောက်လောက်ရှိတယ်။ မစိုးရိမ်ရပေါ့။ အခုလက်ရှိမှာ စည်ပင်တို့၊ ရပ်ကျေးတို့ စတဲ့ဌာနဆိုင်ရာတွေကုလားဂုတ်ကျွန်းကိုရောက်နေပြီ။ ဆန်ဝေတာတို့၊ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးထောက်ပံ့တာတို့ ထောက်ပံ့မယ်။ ပြည်သူတွေလည်း မိုးလေဝသ သတင်းတွေကို အမြဲတမ်းနားထောင်နေဖို့လိုပါတယ်။ ကုလားဂုတ်ဟာ ကျွန်းဖြစ်တဲ့အတွက် မိုးလေဝသကိုပိုပြီး အာရုံစိုက်ရင် အဆင်ပြေပါတယ်။ နောက်ဒီလိုထပ်မဖြစ်အောင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကနေ အသိပညာပေးတာတွေလည်းလုပ်သွားဖို့ရှိတယ်” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။
    ရေးမြို့နယ်ရှိ ကုလားဂုတ်ကျွန်းကျေးရွာအုပ်စုတွင် အောက်ဆိပ်ရွာ၊ အလယ်ဆိပ်ရွာနှင့် အပေါ်ဆိပ်ရွာအပိုင်း(၃) ပိုင်းရှိသည့်အနက်  အောက်ဆိပ်ရွာတစ်ခုတည်း၌ လေနီကြမ်းတိုက်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks