spot_img
Thursday, May 9, 2024
More
    spot_img
    Homeသတင်းသတင်းအနှစ်ချုပ် ၂၀၁၈

    သတင်းအနှစ်ချုပ် ၂၀၁၈

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၈)

    မွန်လူထုလူတန်းစားအလွှာအသီးသီးပါဝင်သော မွန်နိုင်ငံရေးညီလာခံတစ်ရပ်ကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရ႘လ ၁၃ ရက်နေ့မှစတင်၍ ၃ ရက်ကြာ ကျင်းပခဲ့ရာ မွန်သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း (၈၀ဝ) ကျော်တက်ရောက်ခဲ့ကြသည်။ သို့ရာတွင် မွန်တစ်မျိုးသားလုံး ပြိုကွဲရေးကိုဦးတည်နေသည်ဟုဆိုကာ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ပါတီတို့မှ တက်ရောက်ခြင်း မပြုခဲ့ပေ။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ခေါင်းဆောင်များသဘောထားကြီးစွာဖြင့် ထိုးစစ်ဆင်မှုများကို အမြန်ဆုံးရပ်စဲပေးစေလိုကြောင်း၊ NCA သည် မွန်ပြည်သစ်ပါတီ၏ ပန်းတိုင်မဟုတ်ကြောင်း နေပြည်တော်၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အစိုးရနှင့် မွန်ပြည်သစ်ပါ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပါတီ ဥက္ကဌ နိုင်ထောမွန်က မိန့်ခွန်းပြောကြားသည်။
    ထို့အပြင် မွန်ပြည်သစ်ပါတီ (News Mon State Party-NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့အား ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

    Photo-မွန်ပြည်သစ်ပါ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား(Eleven Media Group)

    မွန်ပြည်သစ်ပါတီ တပ်တည်ဧရိယာ ၅ ခု၌ မတ်လနှင့် ဧပြီလအတွင်း အကြိုလူထုတွေ့ဆုံပွဲများ ကျင်းပမည့်အစီအစဉ်ကို တပ်မတော်မှလူဦးရေကန့်သတ်လာသဖြင့် ကျင်းပတော့မည်မဟုတ်ကြောင်း NMSP က ပြောသည်။

    နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဌမှ နုတ်ထွက်ခဲ့သည့် ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတအဖြစ် မတ်လ (၂၈) ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။

    မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားပိတ်ပွဲကို မေလ ၇ ရက်နေ့က ရေးမြို့ လူထုအားကစားရုံ၌ ကျင်းပရာ “ငြိမ်းချမ်းရေးရွှေထုတ်ကြီး ရရှိလိုက်ပြီ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြောသည်။
    မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်အရပ်ဖက်အဖွဲ့အစည်းနှင့် တတ်သိပညာရှင်များနှင့် ဒေသခံကိုယ်စားလှယ်များ ၃ ရက်ကြာတက်ရောက်သည့် အဆိုပါအခမ်းအနားမှ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကဏ္ဍကြီး ၅ ရပ်အတွက် အချက် ၇၁ ချက် စုစည်းနိုင်ခဲ့သည်။

    မော်လမြိုင်မြို့၌ မေလ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံဖွင့်ပွဲ၌ မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်မရှိသေးသည့်ကာလတွင် ရွေးကောက်ပွဲဝင်မွန်တစ်ပါတီသာရှိသင့်ကြောင်း မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ ပြောကြားလိုက်ပြီး မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှစ်ပါတီတို့ ၂၀၁၈ ခုနှစ်အကုန်တွင် မပေါင်းစည်းဖြစ်လျှင် မွန်ပြည်သစ်ပါတီက နည်းလမ်းသစ်ရှာသွားမည်ဟု ဆိုသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ဒုတိယ (၆) လပတ် အစီရင်ခံစာသည် မြေပြင်အခြေအနေများနှင့် ကွဲလွဲမှုရှိနေကြောင်း ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးအကြံပြုခဲ့ကြပြီးနောက် မွန်ပြည်နယ်လွှတ်တော်မှ မှတ်တမ်းအဖြစ်ထားရှိခဲ့ခြင်း ဖြစ်သည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်ဒေသခံတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk ကို မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။

    အင်အား ၅၀ ခန့်ရှိ မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကနားလိုကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီ စခန်းငယ်တစ်ခုကို ဝင်ရောက်ရှင်းလင်းခဲ့စဉ် မွန်အလံအားဖြုတ်ချ၍ တိုင်ကို ခုတ်လှဲဖြတ်ခဲ့သည်။ သို့ရာတွင် ယင်းကိစ္စကို မွန်ပြည်သစ်ပါတီမှ တိုင်ကြားမှုသတင်များမကြားသိရသလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC မှလည်း ကိုင်တွယ်ဖြေရှင်းမှုများ မရှိခဲ့ပေ။

    နေပြည်တော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ(တတိယအအစည်းအဝေး) က ဇူလိုင် (၁၆) ရက်နေ့တွင် ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် သဘောတူညီချက် ၁၄ ချက် စာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း တပ်မတော်မှတင်သွင်းလာသော တစ်ခုတည်းသောတပ်မတော်နှင့် ခွဲမထွက်ရေးကိစ္စရပ်များကြောင့် ရှေ့အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်ကျင်းပရန် အခက်အခဲဖြစ်ပေါ်စေနိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

    မွန်ပြည်နယ်အတွင်း ယခုနှစ်အတွင်းမကြုံစဘူး ရေဘေးသင့်ခဲ့သော ၆ မြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းများအတွင်း စာသင်ကျောင်း ၁၁၄ ကျောင်းကို ယာယီပိတ်ခဲ့ရသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာပါဝင်လိုသည်ဟု ဥက္ကဌ နိုင်ထောမွန် ယခုနှစ်စက်တင်ဘာလဆန်းပိုင်းက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ သို့ရာတွင် UNFC ညီလာခံကျင်းပမှသာ နုတ်ထွက်ခွင့်ရရှိမည်ဟု ဆိုသည်။

    မွန်တပ်ဖွဲ့များအခြေစိုက်လျက်ရှိသည့် ကရင်နှင့် တနင်္သာရီတိုင်း JMC-S တွင် တပ်မတော်က ပါဝင်ခြင်းမပြုသည့်အတွက် NCA လက်မှတ်ရေးထိုးမှု ၆ လပြည့်ခဲ့သော်လည်း မွန်ပြည်နယ် JMC-S တွင် မွန်ပြည်သစ်ပါတီ ပါဝင်ခြင်းမပြုပေ။ သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU အား ကရင်ပြည်နယ်အပြင် မွန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအဆင့် JMC-S တို့တွင် ပါဝင်ခွင့်ပေးထားသည်။ JMC တွင် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပါဝင်ခွင့်ပြုမပြုဆိုသည်မှာ တပ်မတော်သဘောထားအပေါ် မူတည်နေသည်ဟု မွန်ပြည်သစ်ပါတီခေါင်းဆောင်များက သုံးသပ်သည်။

    မွန်ပါတီများပေါင်းစည်းရေး အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့၌ကျင်းပခဲ့ရာ နယ်ပယ်စုံအသီးသီးမှ မွန်တိုင်းရင်းသားတစ်ထောင်ကျော် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, ပြင်ပမွန်နိုင်ငံရေးအင်အားစုများ ဘက် ၃ ဘက်မှခေါင်းဆောင် ၃ ဦးတို့က ပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီမှ ၁ ဦးနှင့် ဖိတ်ကြားသင့်ပုဂ္ဂိုလ် ၃ ဦးတို့က အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

    အသက် (၉၆) နှစ်အရွယ်ရှိ မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း ရန်ကုန်မြို့နေအိမ်၌ အောက်တိုဘာလ ၂ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သဖြင့် ရေးဝေးသုဿာန်၌ အောက်တိုဘာ ၆ ရက်နေ့က မီးသဂြိုလ်ခဲ့ပြီး ကြွင်းကျန်သောအရိုးပြာကို ပေါင်မြို့ရှိ မွန်ခေါင်းဆောင် နိုင်ထွန်းသိန်းနှင့် နိုင်သိမ်းမောင်တို့၏ အုတ်ဂူအနီးတွင် ဂူသွင်းမြှုပ်နှံထားသည်။

    နေပြည်တော်၌ နှစ်ရက်ကြာကျင်းပခဲ့သော အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားခေါင်းဆောင်တို့၏ ၁၀+၁၀ ထိပ်သီး သီးသန့်အစည်းအဝေးတွင် ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တစ်ခုတည်းသောတပ်မတော်ဖွဲ့စည်းရေး ကိစ္စရပ်များအား ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိသဖြင့် ဆွေးနွေးပွဲအပြီးရက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ရပ်ဆိုင်းသွားသည့်အခြေသို့ ဆိုက်ရောက်လာရသည်။

    မော်လမြိုင်မြို့ရှိ ပဲခူး မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ သက်တော် (၇၈) နှစ် (၅၈) ဝါသည် သီတင်းသုံးရာကျောင်းတော်၌ နိုဝင်ဘာ ၁၇ ရက် နံနက်စောစောတွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

    နိုဝင်ဘာနှင့် အောက်တိုဘာလများအတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခံရသော တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ဒေသခံများခြံထဲ မသွားရဲကြဖြစ်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မော်လမြိုင်မြို့သို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာအကြီးအကဲများအား တွေ့ဆုံရာတွင် လူ့အခွင့်အရေးပိုမိုမြှင့်တင်ကာကွယ်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့တို့ နေပြည်တော် ဒီဇင်ဘာ ၂၁ ရက်နေ့တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် “၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးပါမည်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts