Homeသတင်းအလယ်စခန်းကျေးရွာအနီး ယခု ၂ လအတွင်း ၄ ဦးမြောက် မြေမြှုပ်မိုင်းထပ်မံနင်းမိ

အလယ်စခန်းကျေးရွာအနီး ယခု ၂ လအတွင်း ၄ ဦးမြောက် မြေမြှုပ်မိုင်းထပ်မံနင်းမိ

-

ရွှေရိုး(နိုဝင်ဘာ ၂၉)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ခြံဝင်းအတွင်း၌ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က ရွာသားတစ်ဦးမြေမြှုပ်မိုင်းနင်းမိသဖြင့် ယခု ၂ လအတွင်း ၄ ဦးမြောက် ထပ်မံနင်းမိခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “နိုင်ကွန်ဗလိုင်က သူ့ခြံမှာရှိနေတဲ့ တဲဘေးအနားမှာပဲ နင်းမိသွားတယ်။ ဒီနေ့ နံနက် ၇ နာရီခွဲလောက်က နင်းမိသွားတယ်၊ ဒီ ၂ လအတွင်း မိုင်းနင်းမိတာ ၄ ယောက်ရှိသွားပြီ”ဟု ဆိုသည်။

အဆိုပါ မြေမြှုပ်မိုင်းဒဏ်ရာရရှိသူကို ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူခဲ့ရာ ဘယ်ခြေတစ်ဖက် ကြေမွပျက်စီးဒဏ်ရာရရှိခဲ့သည့်အပြင် ညာခြေတွင်လည်း အရိုးကျိုးဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဘယ်ခြေတစ်ဖက် ကြေမွသွားတယ်၊ ညာခြေထောက် အရိုးတစ်ချောင်းပြတ်နေတယ်”ဟု နိုင်တင်စန်းက ဆက်ပြောသည်။

Photo-မြေမြှုပ်မိုင်းနင်းမိသူ နိုင်ကွန်ဗလိုင်(Aot Jae)

အလားတူ နိုဝင်ဘာ ၁၀ ရက်နေ့က မင်းအတစ်ဆိုသူ စီးလာသည့်မော်တော်ဆိုင်ကယ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသဖြင့် ဆိုင်ကယ်ပျက်စီးခဲ့ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်တွင် မင်းမွန်ချမ်း(ခေါ်) အဗလိုင်(အသက် ၃၀ နှစ်)က မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ညာဘက်ခြေဖဝါး ကြေမွဒဏ်ရာ၊ အောက်တိုဘာလ ၁၅ ရက်က မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ရဲဘော်မွန်ချမ်းနိုင် အသက် ၂၅ နှစ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဘယ်ခြေသလုံးတစ်ဖက် ဖြတ်တောက်ခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

အဆိုပါ မြေမြှုပ်မိုင်းထောင်သည့်ကိစ္စမှာ ဒေသတွင်းလှုပ်ရှားနေကြသည့် ကရင်လက်နက်ကိုင်အဖွဲ့များလက်ချက်ဟု ယူဆစရာရှိကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

သို့ရာတွင် အဆိုပါဒေသအတွင်း လှုပ်ရှားလျက်ရှိသည့် KNU တပ်ဖွဲ့များအပါအဝင် အခြားကရင်လက်နက်ကိုင်အဖွဲ့များအား မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းခြင်းမရသဖြင့် သီးခြားအတည်မပြုနိုင်ခဲ့ပေ။

ထို့ပြင် အရပ်သားများအားအဓိကပစ်မှတ်ထား မိုင်းထောင်းနေသည့်ကိစ္စကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အပါအဝင် အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့များနှင့် မီဒီယာအဖွဲ့များ လာရောက်လေ့လာကြည့်ရှုစောင့်ရှောက်ပေးကြပါရန် ဒေသခံများကိုယ်စား အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက မွန်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts