Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထံ မူးယစ်ဆေးဖြတ်မည့်လူငယ် မိဘများလာရောက်အပ်နှံမှုများပြားလာ

    မွန်ပြည်သစ်ပါတီထံ မူးယစ်ဆေးဖြတ်မည့်လူငယ် မိဘများလာရောက်အပ်နှံမှုများပြားလာ

    -

    ရွှေရိုး(နိုဝင်ဘာ ၁၆)

    မွန်ပြည်သစ်ပါတီ(NMSP) သထုံခရိုင်တွင် မူးယစ်ဆေးဖြတ်မည့်လူငယ်များကို မိဘများကိုယ်တိုင် လာရောက်အပ်နှံကြသည်မှာ ယခုအခါပိုမိုများပြားလာကြောင်း သထုံခရိုင် အတွင်းရေးမှူး နိုင်ကျဉ်ဆံက ပြောသည်။

    “လွန်တဲ့ ၂ နှစ်ကျော် ကျွန်တော်ဒီမှာစပြီး တာဝန်ယူတုန်းကဆိုရင် ဒီလောက်မများသေးဘူး။ နောက်ပိုင်းမှာ ပိုများလာတာကို တွေ့ရတယ်။ တစ်ချို့ဗမာတွေကလည်း ကျွန်တော်တို့ဆီမှာ ဒီလိုဆောင်ရွက်ပေးနေတာ ကြားလို့ လာရောက်အပ်နှံတာရှိတဲ့အတွက် များလာတာကို တွေ့ရတယ်”ဟု နိုင်ကျဉ်ဆံက ဆိုသည်။

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မင်းရွာအနီးအခြေစိုက်သည့် မွန်ပြည်သစ်ပါတီသထုံခရိုင် ဌာနချုပ်တွင် မူးယစ်ဆေးဝါးဖြတ်မည့် လူငယ်များသည် အငယ်ဆုံးအသက် ၁၄ နှစ်မှ အကြီးဆုံး ၅၀ နှစ်ဝန်းကျင်များ ရှိကြောင်း၊ အဆိုပါအထဲတွင် WY စိတ်ကြွဆေးပြားသုံးစွဲသူက ပိုများနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ရှင်းပြသည်။

    Photo-NMSP သထုံခရိုင်ဌာနချုပ်(MNA)

    အဆိုပါဆေးဝါးဖြတ်လိုသူများအတွက် ပညာပေးဟောပြောခြင်း၊ အားကစားများ ပြုလုပ်ခြင်း၊ စာဖတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး သုံးလပြည့်ပါက မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း၊ တစ်ချို့ မူးယစ်ဆေးပြတ်သွားသော်လည်း ပြန်လည်သုံးစွဲသူများကို မိဘများက တဖန်ပြန်လည်အပ်နှံခဲ့ရကြောင်း နိုင်ကျဉ်ဆံက ဆိုသည်။

    မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြားမှာ မူးယစ်ဆေးသုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး စိတ်ကျန်းမာရေးဋ္ဌာန မူးုယစ်ဆေးစွဲကုသရေးနှင့် စိတ်ကျန်းမာရေးကုသမှုဋ္ဌာန တာဝန်ခံဆရာဝန် ဒေါက်တာဝင်းကျော်သူက ပြောသည်။

    ဒေါက်တာဝင်းကျော်သူက “ဆရာမွန်ပြည်နယ်ရောက်တာ ၄ နှစ်ရှိနေပြီ၊ တစ်နှစ်ထက်တစ်နှစ်မှာ ဆေးသုံးတဲ့အရွယ်က ကွာခြားချက် ကြီးလာတယ်။ တဖြည်းဖြည်း ငယ်တဲ့လူတွေပေါ့ လူငယ်ပိုင်း၊ လူငယ်ပိုင်းပါမှ ၁၀ ကျော်သက် အစပိုင်းလေးတွေမှာ ပါလာတာကို တွေ့ရတယ်။ အသက်ကြီးတဲ့သူတွေလည်း တဖြည်းဖြည်းပါလာတာကို တွေ့ရတယ်။ သုံးစွဲတဲ့အသက်အရွယ်ကတော့ နဲနဲကျယ်ပြန့်လာတယ်။ အများစုကတော့ ၁၅ ကနေ ၂၄ အုပ်စုဖြစ်တယ်။ အငယ်ဆုံးတွေ့ရတာကတော့ ၁၄ နှစ်ဖြစ်တယ်။ ဒီနှစ်ထဲမှာ ရှားရှားပါးပါး ၆၇ နှစ်တစ်ယောက်တွေ့ရတယ်”ဟု ပြောသည်။

    မူးယစ်ဆေးဝါးသုံးစွဲသူများတွင် အသက်အပိုင်းအခြားအားဖြင့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အုပ်စုတွင် မူးယစ်ဆေးသုံးစွဲသူ ၅၂ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်မှ ၃၄ နှစ်အုပ်စုတွင် ၃၄ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်မှ ၆၀ နှစ်ကျော်အထိအုပ်စုတွင် ၁၄ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး စိတ်ကျန်းမာရေးဋ္ဌာန စာရင်းဇယားတွင် ဖော်ပြသည်။

    ထို့ပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး စိတ်ကျန်းမာရေးဋ္ဌာန၏ စာရင်းဇယားအရ မူးယစ်ဆေးဝါးအများဆုံးအသုံးပြုနေသည်မှာ WY စိတ်ကြွရူးသွပ်ဆေးပြား စသည့် R အမှတ်တဆိပ်များ ၇၄ ရာခိုင်နှုန်း၊ ဘိန်းစာရွက်သုံးစွဲသူ ၆ ရာခိုင်နှုန်း၊ ဘိန်စာရွက်နှင့် WY စိတ်ကြွဆေးပြား သို့မဟုတ် တစ်ခြားဆေးခြောက်များနှင့် မျိုးစုံရောပြီးသုံးစွဲနေသည်မှာ ၁၉ ရာခိုင်နှုန်း၊ ဘိန်းသီးသန့်သုံးစွဲသူ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks