spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရွာသားများအားပစ်မှတ်ထား၍ မိုင်းမထောင်ကြရန်နှင့် စောင့်ကြည့်ရေးအဖွဲ့များ လာရောက်ကြည့်ရှုရန် အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ပန်ကြား

    ရွာသားများအားပစ်မှတ်ထား၍ မိုင်းမထောင်ကြရန်နှင့် စောင့်ကြည့်ရေးအဖွဲ့များ လာရောက်ကြည့်ရှုရန် အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ပန်ကြား

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၃)။ ။ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီနှင့် KNU အောက်ခြေတပ်ဖွဲ့အကြား နယ်မြေအငြင်းပွားနေကြသည့် ကြောင်လျာကွင်း၌ ယခုရက်ပေါင်း ၃၀ အတွင်း မြေမြှုပ်မိုင်း ၃ ကြိမ်ပေါက်ကွဲဒဏ်ရာအသီးသီးရရှိခဲ့သည့်အတွက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရွာသားများအားပစ်မှတ်ထား၍ မိုင်းမထောင်ကြရန် အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပန်ကြားလိုက်သည်။

    ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အပါအဝင် အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့များနှင့် မီဒီယာအဖွဲ့များ လာရောက်လေ့လာကြည့်ရှုစောင့်ရှောက်ပေးကြပါရန် ဒေသခံများကိုယ်စား အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။

    “ခြံသွားတဲ့လမ်းတွေမှာ မိုင်းထောင်တာ ရွာသားတွေပဲထိတယ်၊ အခုခြံမသွားရဲကြတော့ဘူး၊ မိုင်းမထောင်ကြဖို့ ရွာသားတွေကိုယ်စား ကျနော်ပန်ကြားပါတယ်၊ JMC အပစ်ရပ်စောင့်ကြည့်အဖွဲ့တွေ မီဒီယာတွေလည်း ကျနော်တို့ရွာကို တစ်ခါလောက် လာရောက်ကြည့်ရှုကြပါဦးလို့ ပြောချင်ပါတယ်” ဟု နိုင်တင်စန်းက ဆိုသည်။

    ရေး-ထားဝယ်ကားလမ်းဖြတ်သန်းသွားသည့် အလယ်စခန်းကျေးရွာ(Internet)

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက ကြောင်လျာကွင်း၌ ဥယာဉ်ခြံလုပ်ကိုင်လျက်ရှိသော ဟံဂံရွာသား မင်းအတစ်ဆိုသူ စီးလာသည့်မော်တော်ဆိုင်ကယ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသဖြင့် ဆိုင်ကယ်ပျက်စီးခဲ့ကြောင်း၊ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ခြံသမားရွာသားတစ်ဦး မိုင်းနင်းမိပေါက်ကွဲသဖြင့် ညာခြေကျင်းဝတ်ဖြတ်တောက်ခဲ့ရပြီး မွန်ပြည်သစ်ရဲဘော်တစ်ဦးလည်း မိုင်းဒဏ်ကြောင့် ဘယ်ခြေသလုံးတဖက်ဖြတ်တောက်ခံလိုက်ရကြောင်း ၎င်းကပြောသည်။

    “ရွာသားတွေတောင်းဆိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လိုတယ်၊ မွန်ပြည်သစ်နဲ့ ကရင်အဖွဲ့တွေ ဒီနေရာမှာ ပဋိပက္ခဖြစ်တာကိုလည်း မလိုလားဘူး၊ ကျနော်တို့ ရွာသားတွေ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ အခုလိုမိုင်းတွေရှိနေရင် ခြံမသွားရဲကြတော့ဘူး” ဟု နိုင်တင်စန်းက ဆိုသည်။
    အဆိုပါကြောင်လျှာကွင်းဒေသတဝိုက်တွင် ဒေသခံမွန်တိုင်းရင်းသားတို့၏ ဒူးရင်းသီးခြံနှင့် ကွမ်းသီးခြံစုစုပေါင်း ၄၀၀ ခန့်ရှိပြီး ယခုအခါ ကွမ်းသီးဆွတ်ခူးချိန်ဖြစ်သောကြောင့် အချိန်မီမခူးနိုင်ပါက သီးနှံများဆုံးရှုံးခံရလိမ့်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    အဆိုပါမြေမြှုပ်မိုင်းအမျိုးအစားမှာ သံပိုက်နှင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းများဖြစ်ကြောင်း၊ သို့ရာတွင် အဖွဲ့နာမည်အတိအကျမပြောနိုင်သော်လည်း ကရင်လက်နက်ကိုင်အဖွဲ့သာ မိုင်းထောင်စရာရှိသည်ဟု ယူဆစရာရှိကြောင်း ထားဝယ်ခရိုင်ရှိ မွန်ပြည်သစ်ပါတီ အမှတ်(၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းလွန်က ပြောသည်။

    “ သံပိုက်နဲ့လုပ်တဲ့ လက်လုပ်မိုင်းတွေပဲ ၊ ဘယ်လောက်ထောင်ထားမှန်းတော့ မပြောနိုင်ပါဘူး၊ ဒီကိစ္စကို JMC-S မှာကျနော်တို့မပါတော့ ဆက်ဆံရေးရုံးကနေတဆင့်၊ စရဖတွေကတဆင့် သက်ဆိုင်ရာကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် မွန်သတင်းအေဂျင်စီအနေဖြင့် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် KNU တပ်ဖွဲ့များအပါအဝင် အခြားကရင်လက်နက်ကိုင်အဖွဲ့များအား ဆက်သွယ်၍ မရခဲ့ပေ။

    အဆိုပါကြောင်လျာကွင်းဒေသ၌ သစ်ထုတ်လုပ်သည့် ကရင်လက်နက်ကိုင်အဖွဲ့နှင့် သစ်ဖမ်ဆီးသည့် အောက်ခြေမွန်ပြည်သစ်ပါတီတပ်ဖွဲ့အကြား ယမန်နှစ်တွင် ၄ ကြိမ်ထက်မနည်း ပစ်ခတ်ထိတွေမှုများ ဖြစ်ပေါ်ခဲ့ဘူးသည်။

    အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မကြာခဏဖြစ် ပွားနေသဖြင့် အရပ်သားများရှိနေသည့်နေရာ၌ မိုင်းမထောင်ရန် လက်နက်ကိုင်အဖွဲ့ များကို ဒေသတွင်း အရပ်ဘက် အဖွဲ့များက တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks