spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမြေလွတ်မြေရိုင်းဥပဒေသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအဟန့်အတားဖြစ်စေဟု မြေယာလှုပ်ရှားသူများဆို

    မြေလွတ်မြေရိုင်းဥပဒေသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအဟန့်အတားဖြစ်စေဟု မြေယာလှုပ်ရှားသူများဆို

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၃)။ ။ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်မပေးနိုင်သေးသည့်လက်ရှိကာလတွင် အစိုးရအနေဖြင့် မြေလွတ်မြေရိုင်းဥပဒေကို အကောင်အထည်ဖော်ပါက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း ဒို့မြေကွန်ရက် အတွင်းရေးမှူး မိခမွမ်းက ပြောသည်။

    မိခမွမ်းက “ကျမတို့လူမှုအဖွဲ့အစည်း မြေယာလှုပ်ရှားသူတွေတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် အခုသွားနေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မြေယာနဲ့ပတ်သက်ပြီး ဆွေးနွေးနေတာလည်းရှိတယ်၊ လက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်တွေ ရေးဆွဲထားတဲ့မြေယာမူဝါဒတွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခံရတာ မရှိဘူး၊ အခုအစိုးရချမှတ်တဲ့ပုံစံက ကျမတို့သွားနေတဲ့ ဖက်ဒရယ်စနစ်မဟုတ်ဘူး၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တဲ့ မိမိရဲ့မြေပေါ်မှာ မိမိတို့ဖန်တီးပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်ဆိုတာ အရမ်းအရေးကြီးတယ်” ဟု ဆိုသည်။

    တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လုပ်ကိုင်အသုံးပြုနေသည့် မြေများအားလုံးသည် မြေလွတ် ၊ မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအရ အသုံးပြုခွင့်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေအရ (၆) လအတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုနှင့် ပြည်နယ်/ တိုင်းကော်မတီများထံ လျှောက်ထားရမည်ဖြစ်ပြီး အကယ်၍ ပြည်ထောင်စုလွှတ်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြေကိုအသုံးချမည်ဆိုပါက သိမ်းယူမည့်အပြင် ဥပဒေပုဒ်မ ၂၇ (က)အရ ၂ နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ဒဏ်ငွေကျပ်ငါးသိန်း ချမှတ်နိုင်ကြောင်း လွန်ခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့တွင် အစိုးရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    Photo-ဒို့မြေကွန်ရက်၏ ပိုစတာ(Copy)

    “ အခုသွားနေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ချောချောမွေ့မွေ့ဖြစ်စေချင်ပါတယ်၊ ဖက်ဒရယ်ကိုရည်မှန်းပြီးတော့ အားလုံးပါဝင်တဲ့ မြေယာလမ်းစဉ်တစ်ခု ဖြစ်စေချင်တယ်၊ လက်ရှိ မြေလွတ် မြေလပ်၊ မြေရိုင်းဥပဒေကို ဖျက်သိမ်းစေချင်တယ်၊ ဘာဖြစ်လဲဆိုတော့ ကျမတို့မွန်ဒေသမှာရော ကျန်တဲ့တိုင်းရင်းသားဒေသတွေမှာပါ မြေလွတ်မြေရိုင်းဆိုတာ မရှိပါဘူး၊ ဘိုးဘွားအဆက်ဆက်က ဓါးမဦးချစိုက်ပျိုးလာခဲ့တဲ့မြေနေရာမှာ နောက်မျိုးဆက်တွေက အမွေခွဲယူကြပြီး ဆက်လက်လုပ်ကိုင်နေကြတာပဲ ရှိပါတယ်” ဟု မိခမွမ်းက ဆက်ပြောသည်။

    ထို့ပြင် ပြည်တွင်းစစ်ကြောင့် IDP နေရပ်စွန့်ခွာနေရသူ ၁၁ သိန်းခန့်နှင့် ပြည်ပထွက်ခွာအလုပ်လုပ်နေရသော တိုင်းရင်းသားများ နေရပ်ပြန်လာရေး အာမခံချက်မရှိသေးဘဲ အဆိုပါမြေလွတ်မြေရိုင်းဥပဒေကို အစိုးရ အကောင်အထည်ဖော်မည်ဆိုပါက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထိခိုက်စေနိုင်သည်ဟု ၎င်းက ယူဆသည်။

    မွန်ဒေသ မိရိုးဖလာမြေယာအသုံးပြုမှု လေ့လာဖော်ထုတ်ရေးကော်မတီဝင် နိုင်စဝေါမွန်က “ အခုဥပဒေက နိုင်ငံရေးနဲ့ပူးတွဲပြီး ပါလာတဲ့ အခင်းအကျင်းတစ်ခုလို့ ယူဆပါတယ်၊ ပြည်ထောင်စုသဘောတူညီချက်ထဲမှာ မြေယာနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအဝန်းအဝိုင်းအထဲကပဲဖြစ်နေတယ်၊ မြေလွတ်မြေလပ် မြေရိုင်းနဲ့ပတ်သက်တာ မပါရှိဘူး၊ အခုလို ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလတွေမှာ ဒီလိုဥပဒေ ထုတ်ပြန်လာတာဟာ တဖက်နဲ့တဖက် ပြဿနာတွေ ပိုပြီးအငြင်းပွားစရာတွေ ဖြစ်စေနိုင်ပါတယ်။ အခြားတဖက်မှာတော့ တိုင်းရင်းသားတွေအတွက် အထိနာစေတဲ့ဖြစ်စဉ်တွေ ဖြစ်လာနိုင်တဲ့အနေအထားတစ်ခု တွေ့ရှိလာရတော့ တစ်နိုင်ငံလုံးအတိုင်းအတာ လူထုအုံကြွမှုဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်မိတယ်” ဟု ပြောသည်။

    အဆိုပါ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပါအချက်များသည် တိုင်ရင်းသား ပြည်သူများကို မြေယာမဲ့အဖြစ်၊ ရာဇဝတ် ကျူးလွန်သူတွေအဖြစ် ကျရောက်နိုင်ပြီး အကျင့်ပျက်ခြစားမှု၊ မတရား အနိုင်ထက်ပြုမှု၊ ပဋိပက္ခအကြမ်းဖက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေရုတ်သိမ်းပေးရေးနှင့် တရားမျှတမှုမရှိသည့် ဥပဒေရုတ်သိမ်းပေးရေး တောင်းဆိုမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟု ၎င်းက ဆိုသည်။

    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင်ပြဋ္ဌာန်း၍ NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဆက်လက်ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ မြေယာအသုံးပြုခွင့် မချမှတ်သေးသော မြေယာဧက ၄၅ သန်းခန့်ရှိရာ ၈၂ ရာခိုင်နှုန်းခန့်သည် တိုင်းရင်းသားဒေသများတွင် တည်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks