spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းပေါင်းစည်းရေးကတိအတိုင်း မွန်ပါတီခေါင်းဆောင်များ အမြန်ဆုံးအကောင်အထည်ဖော်သင့်ကြောင်း ဘိုးနက်ဆရာတော်တိုက်တွန်း

    ပေါင်းစည်းရေးကတိအတိုင်း မွန်ပါတီခေါင်းဆောင်များ အမြန်ဆုံးအကောင်အထည်ဖော်သင့်ကြောင်း ဘိုးနက်ဆရာတော်တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၃၀)`။ ။ လွန်ခဲ့သည့်တစ်လကျော်က ကျင်းပခဲ့သော မွန်ပါတီပေါင်းစည်းရေးအခမ်းအနားတွင် ပါတီမှတ်ပုံတင်ရရှိရန် ဆောင်ရွက်မည့်ကိစ္စအပါအဝင် ပါတီခေါင်းဆောင်များ ပေးထားသည့်ကတိအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း မွန်ပါတီပေါင်းစည်းရေးဦးဆောင်လှုပ်ရှားသူ ဘီလူးကျွန်း ဘိုးနက်ဆရာတော် အသျှင်ဝရဝံသ က မိန့်ဆိုသည်။

    ဘိုးနက်ဆရာတော်က “ပါတီပေါင်းစည်းတဲ့နေ့က ပေးထားတဲ့ကတိအတိုင်း Register ရဖို့ အမြန်လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ အပြင်ကပါဝင်လာမယ့်အင်အားစုတွေ ဖိတ်ခေါ်တဲ့နေရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ကြားနေရတယ်၊ ဒါကို ပြည်သူတွေကလည်း အားမလိုအားမရဖြစ်နေရတယ်” ဟု ဆိုသည်။


    မွန်ပါတီပေါင်းစည်းရေးလက်မှတ်ရေးထိုးပွဲတွင် ပါတီခေါင်းဆောင်များနှင့် အသိသက်သေများအမှတ်တရပုံ(MNA)

    ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ မွန်ပါတီပေါင်းစည်းရေးအခမ်းအနားအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပါတီရှေ့လုပ်ငန်းစဉ်များချမှတ်သွားနိုင်ရန် ပထမအကြိမ် မွန်ပါတီဗဟိုကော်မတီ အစည်းအဝေးကို တစ်လအတွင်း ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း၊ ရေးဆွဲလျက်ရှိသည့် ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေကိုလည်း အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေး ကျင်းပပြီးပါက ပါတီမှတ်ပုံတင်ရေးကိစ္စကို ရွေးချယ်တာဝန်ပေးသွားမည်ဟု ပါတီခေါင်းဆောင်များ ကတိပေးပြောကြားခဲ့ကြောင်း ဆရာတော်က ထောက်ပြသည်။

    “အခုဟာက ဗဟိုအလုပ်အမှုဆောင်ကော်မတီခေါ်ပြီးတော့ ဗဟိုကော်မတီချပြဖို့လုပ်နေတာနဲ့ပဲ သက်သက်အချိန်ကုန်နေတယ် ဘုန်းဘုန်းတို့အမြင်က၊ CEC ၆၁ ဦးနဲ့ CC ၁၄၀ ဦးနဲ့က အင်အားသိပ်ကွာတာ မဟုတ်ပါဘူး၊ ခေါ်စရာရှိ ဗဟိုကော်မတီအမြန်ခေါ်လိုက်ပေါ့၊ ဒါတွေက ကိုယ့်အမှန်အကန်လူတွေအားလုံးပဲ၊ သူတို့ကတဆင့် ပြည်သူတွေ ပြန်ချပြမယ်၊ ဒါမှ ဘယ်ရက် ဘယ်နေ့ ဘယ်လိုလုပ်ငန်း ဘယ်လိုရှိတယ်ဆိုတာ ပြည်သူကြားမှာ နက်နက်နဲနဲဝင်သွားမှာပေါ့၊ ပေးထားတဲ့ကတိအတိုင်း ချထားတဲ့ Plan အတိုင်း အကောင်အထည်မြန်မြန်ဖော်ဖို့ အရေးကြီးတာပေါ့”ဟု ဘိုးနက်ဆရာတော်က မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

    ဗဟိုကော်မတီအစည်းအဝေးကျင်းပရန်နှင့် မွန်ပါတီရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC အစည်းအဝေးကျင်းပတော့မည်ဖြစ်ကြောင်း မွန်ပါတီဥက္ကဌ နိုင်တင်အောင်က မွန်သတင်းအေဂျင်စီနှင့် သီးသန့်အင်တာဗျုးတစ်ခုတွင် ပြောကြားခဲ့သည်။

    နိုင်တင်အောင်က “ ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်နဲ့ပဲ ဗဟိုကော်မတီအစည်းအဝေး ခေါ်လို့ရမယ်၊ ဗဟိုကော်မတီအစည်းအဝေးမှာတော့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းဥပဒေတွေ၊ ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို အတည်ပြုရမယ်၊ ရွေးကောက်ပွဲကော်မရှင်မှာ လုပ်နည်းလုပ်ထုံးတွေနဲ့အညီ မွန်ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ သင့်တော်တဲ့လူကို ရွေးချယ်တာဝန်ပေးရမယ်” ဟု ဆိုသည်။

    လက်ရှိ တရားဝင်ပါတီဖြစ်ကြသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း နှစ်ပါတီပေါင်းစည်း၍ “မွန်ပါတီ” အမည်သစ်ဖြင့် မှတ်ပုံတင်လျှောက်ထားမည်ဖြစ်သည်။

    မွန်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရဲဇော်က “အဟောင်းတွေပေါင်းတယ်ပြောပြော လူဟောင်းတွေပဲ ပါခဲ့တယ်ဆိုဆို မွန်တွေအတွက် ပါတီတစ်ခု ပြန်ပြီးစတည်ထောင်တယ်လို့ ယူဆတယ်၊ ပါတီတစ်ခု ပြန်စတယ်လို့ ကျနော် ယူဆတာပေါ့နော်၊ ပါတီတည်ဆောက်မှု Building ကို ခိုင်ခိုင်မာမာလုပ်သွားစေချင်တယ်၊ မွန်တွေအတွက် အရင်တုန်းနဲ့မတူတဲ့ တစ်ခုတည်းသောပါတီ ဒါကို ပြန်တည်ဆောက်တယ်လို့ ခံယူပြီးတော့ လေးလေးနက်နက်နဲ့ အားလုံးလုပ်သွားသင့်တယ်လို့ ကျနော်က ခံယူတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လက်ရှိ ပါတီပေါင်းစည်းရေးသဘောတူညီချက်အရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှ ၅၀ ဦး၊ မွန်အမျိုးသားပါတီ MNP မှ ၅၀ ဦး၊ မွန်ကိုယ်စားပြုပါတီဖော်ဆောင်ရေးအဖွဲ့မှ ၂၀ ဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ CSO မှ ၂၀ ဦး စုစုပေါင်း မွန်ပါတီဗဟိုကော်မတီဝင် CC ၁၄၀ ဦးရှိသည့်အနက် ဗဟိုအလုပ်အမှုဆောင်ကောက်မတီဝင် CEC ၆၁ ဦးကို အချိုးကျရွေးချယ်သတ်မှတ်ထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts