spot_img
Friday, May 3, 2024
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအလင်းမဲ့ည၊ မေ့လျော့ခြင်းနိယာမနှင့် ဟောင်းနွမ်းနေသောစက်ခေါင်းအမှတ်များ

    အလင်းမဲ့ည၊ မေ့လျော့ခြင်းနိယာမနှင့် ဟောင်းနွမ်းနေသောစက်ခေါင်းအမှတ်များ

    -

    `သက်ငြိမ်´ပန်းချီကားတစ်ချပ်လို ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ဥပေက္ခာပြု၍ နယ်လွန်အတွေးစများဖမ်းဆုပ်ရန် ကျွန်တော် ကြိုးစားနေမိသည်။ မြင်ကွင်းများက ပျက်စီးနေသည့် စက်ခေါင်းတစ်ခုလို ဖရိုဖရဲပြန့်ကျဲလျက်။ ကြယ်မစုံညတွင် အပယ်ခံခဲ့ရသော စက်ခေါင်းအမှတ်များ။ သန်းခေါင်ယံထက် ဝေးသွားလိုက်၊ နီးလာလိုက် ဝိုးတဝါးနှင့် ကြယ်တာရာများ။ မှိန်ပျပျ စန္ဒာလမင်းအလင်းနှင့် ဟိုဒီဖက် ကူးလူးလှုပ်ရှားနေသော တိမ်စိုင်မဲ အဆုပ်လိုက်များ။

    အဓိပ္ပါယ်မဲ့စွာ ကျွန်တော် လက်ချိုးရေတွက်နေမိသော စက်ခေါင်းအမှတ်များ။ ကြယ်ငေးသူ၊ တိမ်ငေးသူတို့သဘာဝ စိတ်နယ်လွန်နေမှုမျှသာ။ တန်းမဝင်အိပ်မက်ကြား ဖိစီးမှုဖြစ်စေမည့် အကြောင်းအရာ အတော်များများ ကျွန်တော် မေ့လျော့တတ်လာသည်။ မေ့လျော့ခြင်းသည် တစ်ခါတစ်ရံ လူသားအားလုံးအတွက် အသုံးဝင်သည်ဟု ကျွန်တော်ထင်သည်။

    ညကပို၍နက်လာ၍ မကြာမီ သန်းခေါင်ယံရောက်တော့မည်။ ညအမှောင်ထဲ ကျွန်တော် အတွေးနယ်ချဲ့နေသည်မှာ အချိန်အတော်လင့်ပြီ။ သက်ရှိများ ခေါင်းချအိပ်စက်ချိန်ရောက်သော်လည်း အိပ်စက်အနားယူရန် ကျွန်တော် မေ့လျော့နေသည်။ မေ့လျော့ခံရက်စွဲများကြား ကျွန်တော် လဲလျောင်းအိပ်စက်ခဲ့သည့်မှာ အချိန်ကြာညောင်းပြီ။ ဆန်ရေကိုကူးခတ် မေ့လျော့ခြင်းနှင့် ကျွန်တော် ပိုမိုအသားကျလာသည်။ ကျွန်တော် မေ့လျော့ခံ သက္ကရာဇ်များစွာ ဖြတ်သန်းခဲ့ဖူးသည်။ ကြုံရာဇာတ်ရုပ်တွင် လိုက်လျောညီထွေစွာ ကူးခတ်ခဲ့ဖူးသည်။ အိပ်မက်အပုပ်အသိုးများကြား ရုန်းကန်ကူးခတ်ရင်း မေ့လျော့ခြင်းအကြောင်း ပိုမိုပြောဖြစ်ခဲ့သည်။ အဆင်ပြေချောမွေ့မှုမရှိသည့် သက္ကရာဇ်များတွင် အရာရာချွတ်ခြုံကျ သက်ပြင်းမောများအကြောင်း မေ့လျော့ထားကြသည်။ ဤသို့နှင့် မေ့လျော့ခြင်းသည် ကျွန်တော့်၏ တစ်ကိုယ်စာဝပ်ကျင်းလေးထဲ ဝင်ရောက်ချယ်လှယ်နေသည်။

    ဟောင်းနွမ်းစက်ခေါင်းပန်းချီ(Internet)

    တစ်ခါတစ်ရံ မေ့လျော့ခြင်းသည် ဒုက္ခအမျိုးမျိုး ဆောင်ယူလာတတ်သည်။ ပြန်လည်ရုန်းထဖို့ရန် ပင်ပန်းခက်ခဲစွာ အသက်လုရှူခဲ့ရသည့် အခိုက်အတန့်များ ရှိခဲ့သည်။ ထိုအခြေအနေမျိုးတွင် မေ့လျော့နေခြင်းကို ကျွန်တော် သဘောမတွေ့တော့။ `အသုံးမကျလိုက်လေခြင်း´ဟု ယူကြုံးမရစွာ ကျွန်တော် မြည်တွန်မိမှာမလွဲပေ။ မေ့လျော့ခြင်းသည် အဆိုးသံသရာထဲချည်း လည်ပတ်မနေ။ အဆိုးနှင့်ဆန့်ကျင်ဘက် ကောင်းမြတ်ခြင်းတရားများလည်း ဆောင်ယူလာတတ်ပါသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင် မေ့လျော့နေရသည့်အခိုက်အတန့်ကို ကျွန်တော် မြတ်နိုးမိပြန်သည်။

    ဟိုင်းဝေးလမ်းမဘက် ပြင်းအားကောင်းသော မာကျူရီကားမီးတန်းများ တစွန်းတစ်စမြင်ရသည်။ မိုးနှောင်းမိုးမှာ အငြိုးနှင့် သည်းသည်းမည်းမည်း ရွာသွန်းနေပြန်သည်။ ဝမ်းတစ်ထွာအတွက် အိပ်စက်အနားယူဖို့ရန် သူတို့ မေ့လျော့ထားသည်။ လူတန်းစေ့ဘဝ အနာဂတ်လှပရေးအတွက် လျှက်တပြက်ပွတ်တိုက်နိုင်မည့် အသက်အန္တရာယ်ကို သူတို့မေ့လျော့ထားသည်။ ကုန်သွယ်စီးဆင်းမှု အချိန်မီတင်ပို့နိုင်ရန် သူတို့ ကြိုးတန်းပေါ်လမ်းလျှောက်နေကြသည်။ ခရီးအဆုံးပန်းတိုင် အချိန်မီရောက်ဖို့ ဇောကိုယ်စီနှင့်။ မျက်လုံးနှစ်ဖက် ကျယ်သထက်ကျယ်အောင် ကဖိန်းဓါတ်များ ခန္ဓာကိုယ်ထဲ ပိုမိုထည့်သွင်းထားမိသည်။ တချို့မှာ ညကိုဆွဲဆန့်ရန် မူးယစ်ဆေးများ မှီဝဲတတ်သည်။ ကြောင်တောင်ပြူးကျယ်နေသည့် ဂဏှာမငြိမ်မျက်ဝန်းအစုံမှ ကင်းလွတ်နေသည့် အသိတရားများ။ ပစ္စုပ္ပန်အသိတရားကို သတိနှင့်ထိန်းချုပ်ဖို့ ညဉ့်နက်ကို သူတို့မေ့လျော့ထားသည်။ မေ့လျော့ခြင်းသည် သူတို့အတွက် တဒင်္ဂအသုံးဝင်နေသည်။

    သူတို့နှင့် တူညီသောပန်းတိုင် ကြမ်းတမ်းသည့် မိုင်တိုင်အမှတ်များစွာ အတူကျော်ဖြတ်ခဲ့ကြသည်။ အိပ်မက်များထုဆစ်ဖို့ရန် ဖေးမတာထွက်ခဲ့ကြသည်။ ဖောက်ပြန်သွားသည့် ရာသီဥတုနှင့်အပြိုင် men-made များ။ အရောင်ပြောင်းလွယ် ရွေ့လျားနေသည့် သာကူးဘဝများ။ ကတုံးပေါ်ထိပ်ကွက် အချောင်နှိုက်ရန် ကြိုးစားနေသည့် ဖျံကျမှုများ။ သူတို့ဝန်းကျင်တွင် မကြာခဏ တွေ့လေ့တွေ့ထရှိနေသော ယုံကြည်ချက် မခိုင်မာသူများပင်ဖြစ်သည်။ ဦးတည်ချက် မှန်ကန်နေသူများအဖို့ စိတ်ပျက်အားငယ်ခြင်း အလျင်းမရှိ။ နောက်ဆုံးအခြေအနေထိ ဒူးမညွှတ် ရုန်းကန်နေလိမ့်မည်ဖြစ်သည်။ ပျက်ယွင်းနေသည့် စက်ခေါင်းများ ပြန်လည်နိုးထ လမ်းလျောက်ရန်အတွက်သာ။ ထိုအခြေအနေတွင် မေ့လျော့ခြင်းအကြောင်း ဟန်ဆောင်မေ့လျော့နေသမျှ ရေပေါ်ဆီများ ခပ်တည်တည် နေရာဝင်ယူထားလိမ့်မည် ဖြစ်သည်။

    ကဖိန်းဓာတ်များ လည်ချောင်းမှတဆင့် ကျွန်တော့်ခန္ဓာကိုယ် အစာအိမ်ထဲဆီ လှည့်ပတ်စီးဆင်းသွားသည်။ စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် ဖွာရှိူက်မိပြန်သည်။ ကျိန်စပ်နေသည့် မျက်လုံးနှစ်ဖက်ဆီ အသာအယာပွတ်သပ်ပြီး ကွမ်းယာတစ်ယာ ပါးစပ်ထဲထိုးထည့်မိပြန်သည်။ အမူအကျင့်တစ်ခုဖြင့် ညကို တတ်နိုင်သမျှ ကျွန်တော် ဆွဲဆန့်ထားခြင်းဖြစ်သည်။ တစ်ရေးနိုးအိပ်မက် ခြောက်ခြားဖွယ်ရာညများ ကျွန်တော် ဖြတ်သန်းဖူးသည်။ မြွေလိမ်မြွေကောက် လမ်းမကြီးအတိုင်း သတိကြီးစွာကျွန်တော် မောင်းနှင်ဖူးသည်။ လက်နက်အားကိုး၍ လမ်းခရီးတွင် ကျွန်တော် ခြိမ်းခြောက်ငွေညှစ်မှုခံရဖူးသည်။ ပြန်လည်အတွန့်တက်ခွင့်မရှိ။ အသက်နှင့်ခန္ဓာ အိုးစာမကွဲအောင် သူတို့တောင်းသော ပါးစပ်ထဲမှဈေးကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပေးဆောင်ခဲ့ရသည်။

    `၅၂၈´ဆိုသည့် စက်ခေါင်းအမှတ်အတွက် ကျွန်တော် အိပ်ပျက်ညများခဲ့သည်။ ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ အိမ်မပြန်နိုင်သေးသည့် အခြေအနေတွင် သံယောဇဉ်ကြိုးမျှင်လေးများအကြောင်း ကျွန်တော် မေ့နေမိသည်။ နာရီလက်တံများ ပြောင်းပြန်လည်ပတ်ထိတိုင် အချိန်နာရီများ ကျွန်တော် မေ့တတ်ခဲ့သည်။
    ထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲ ညရင်ပြင်ထဲ တိုးဝင်မိပြန်သည်။ ကိုယ့်အစုနှင့်ကိုယ် ဖောင်ဖွဲ့နေသည့် မြင်ကွင်းများ။ ဘောလုံးပွဲနှင့်ဆက်စပ်လာသည့် တိုင်းတစ်ပါး ယဉ်ကျေးမှုအကြောင်း၊ ပစ္စုပ္ပန်နိုင်ငံရေးရေစီးအကြောင်း။ ဖန်တရာတေ အက်ကြောင်းထပ် အမြဲတမ်းခုန်တက်နေသည့် ကုန်ဈေးနှုန်းများအကြောင်း။ နေ့စဉ်နှင့်အမျှ ညည်းချင်းထုတ် မှုတ်ထုတ်နေရသည့် သက်ပြင်းမောများ။ တစ်ခါတစ်ရံ မေ့ထားလေ့ရှိသည့် အကြောင်းတရားများ ပွတ်တိုက်မှုကြုံတိုင်း ထပွလေ့ရှိသည်။ အန်သေနေသည့်စက်ခေါင်းများ ပြုပြင်ဖာထေးရန်ပင် ခက်ခဲသော အခြေအနေတစ်ခုဆီ တွန်းပို့သွားတတ်သည်။ မဖြစ်နိုင်လောက်ဘူး ထင်ရသော ကိုယ်ထည်များသည် ရိုးတွင်းချဉ်ဆီများ ခမ်းခြောက်သည့်အထိ စုပ်ယူလျက် ဝလင်စွာ စားသောက်သွားတတ်သည်။ တဖြည်းဖြည်းနှင့် ကျွန်တော်တို့ပတ်ဝန်းကျင်တွင် မျှော်လင့်ခြင်း စက်ခေါင်းအမှတ်များ အခွံသာသာမျှ ကျန်ရှိပါတော့သည်။

    မေ့လျော့ခြင်း နိယာမများသည် ပုံသေနည်းမရှိ။ ရာသီစက်ဝန်း ပြောင်းလဲခြင်းနှင့်အတူ တိုက်စားမြဲ တိုက်စားလျက်။ စက်ခေါင်းအမှတ်များသည် ပစ်ပယ်ချိန်ကြာညောင်း၍ သံချေးအထပ်ထပ် တက်နေသည်။ အထုထောင်းခံရ၍ လိုက်လျောညီထွေစွာ စီးမျောဖို့ရန်ပင် ရုန်းကန်ရသည့်အခြေအနေ။ နေဝင်ချိန်နီးလာသည့်စက်ခေါင်းအမှတ်များ။ ခံယူချက်တစ်ခုနှင့် မိမိယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ တွယ်ဖက်သွားသော ရပ်တည်ချက် ခိုင်မာပြတ်သားသည့် စက်ခေါင်းများ။ ခြောက်လှန့်နှိပ်စက်မှုကြား ဝေဒနာကိုထမ်းပိုး လောကဓံကို ကြံ့ကြံ့ခံတိုက်ဖျက်ခဲ့သော စက်ခေါင်းများ။ ကျွန်တော် ဆက်လက်အတွေးပွားနေမိသည့် ရပ်တည်ချက်ခိုင်မာခဲ့သော စက်ခေါင်းအမှတ်များအကြောင်းသာ။ သူတို့ဖြတ်သန်းမှုအား လေးစားအားကျ ဂုဏ်ယူနေမိသည်။

    ကြယ်မစုံညတွင် ကျွန်တော်တို့အားလုံး အရာရာ ချွတ်ခြုံကျခဲ့ကြသည်။ သဘာဝကပ်ဘေး အန္တရာယ်အမျိုးမျိုး ဖြတ်တိုက်မှုခံခဲ့ရသည်။ အစွန်းဆုံးအနေအထားမှ ပုံမှန်အနေအထားရောက်အောင် မနည်းကျားကန်ခဲ့ရသည်။ နစ်ကျွံနေသည့်ဘီးကို စုပေါင်း၍ နွံမှလွတ်မြောက်အောင် ပြိုင်တူတွန်းခဲ့ကြသည်။ တန်ပြန်ရလာသည့် အဖြေများမှာ အားရစရာတစ်စက်မှမရှိ။ ကျွန်တော်တို့ ပေးဆပ်ခဲ့မှုအတွက် အရာအားလုံး အတိတ်မေ့ဝေဒနာ စွဲကပ်ခဲ့ပြီးလား။ မေ့လျော့ခြင်းနိယာမအောက် ပျော်မွေ့နေကြပြီးလား။ ဇီးသီးသည်မဗျိုင်းလို ဘဝမေ့နေကြပြီးလား။ `လား´ပေါင်းများစွာဖြင့် ပြန်လည်ဆန်းစစ် အဖြေထုတ်ရတော့မည့် စက်ခေါင်းအမှတ်များ ဖြစ်နေကြ။ ပုဂ္ဂိုလ်ရေးဆန်သည့်ကိုးကွယ်မှုများ။ သူရဲကောင်းဝါဒကို ဘုရားလိုကိုးကွယ်နေသမျှ အမှန်တရားသည် ခါးသက်နေဦးမည်ဖြစ်သည်။

    ကျွန်တော်တို့ အမှောင်ခေတ်ကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။ သစ်လွင်သောခြေလှမ်းများဖြင့် ကြိုတင်မခန့်မှန်းနိုင်သော ခရီးရှည်ကို လက်တွဲထွက်ခဲ့သည်။ ပြင်းထန်သည့် စိတ်ခံစားချက်နှင့်အတူ ရာထူးဂုဏ်ရှိန်များ ပစ်ပယ်မေ့လျော့ထားခဲ့ကြသည်။ အများအကျိုးပြု လိုအင်ဆန္ဒအတွက် ပေးဆပ်မှုကြီးခဲ့သည်ပင်။ အရာရာကိုဖြတ်တောက်ဆုံးရှူံးခဲ့ရသည်။ ကြယ်ကြွေညများကို ထိုင်ငေးရန် ကျွန်တော်တို့အတွက် မလုံလောက်သည့် အချိန်များ။ သံသရာပြေးလမ်းပေါ် အဆင်သင့်ပြေးလွှားရန် သတိအနေအထားနှင့် ရှင်သန်ခဲ့ရသောရက်စွဲများ။ ပေးဆပ်မှုအာသဝေါကုန်ခမ်း ဖောက်ပြန်သွားသည့် စက်ခေါင်းအမှတ်များ။ `၅၂၈´ဆိုသည့် သံယောဇဉ်ကြိုးမျှင်လေး မညှာမတာ ဖြတ်တောက်ခဲ့။ ကျွန်တော်တို့အတွက် မိတ်ဆွေမှရန်သူအဖြစ် ဇာတ်သွင်းခံလိုက်ရသည့် သက္ကရာဇ်များပင်။

    အာဏာအတွက် မေ့လျော့ခြင်းဝေဒနာ စွဲကပ်လာသည်။ မိမိထွင်းဖောက်ခဲ့သည့် လမ်းများကို ကိုယ်တိုင် ပိတ်ပင်ပစ်လိုက်ကြသည်။ ဆီများခမ်းခြောက် လိုရာခရီးကိုမသွားနိုင်တော့သည့် စက်ခေါင်းများ။ ဖောက်ပြန်သွားသည့်စက်ခေါင်းများ။ သံချေးတက်သွားသည့် စက်ခေါင်းများ။ အသက်နှင့်ခန္ဓာ အလောင်းအစားဆန်ဆန် ရွေ့လျားနေရသည့် စက်ခေါင်းအမှတ်များ။ ငှက်မြန်လေးများအတွက် ကြယ်မစုံညကို အန်တုနေကြသည့် စက်ခေါင်းအမှတ်များ။ `၅၂၈´ခေါင်းစဉ်အောက်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အမျိုးမျိုး အသုံးတော်ခံနေကြသည်။ ယုံကြည်ချက်အတွက် ဆက်လက် အသုံးတော်ခံရဦးမည်။ သို့သော် မှန်ကန်သည့် သံလမ်းပေါ်ပြေးလျှောက်နိုင်ဖို့ အရေးကြီးပါသည်။

    သံသရာတစ်ပတ်လည်ချိန် ရာသီအကူးအပြောင်းကြား တချို့စက်ခေါင်းများ အရှိတရားမှသွေဖယ်ကာ ဖောက်ပြန်သွားကြသည်။ တချို့မှာ ထောက်ထားညှာတာမှုကင်းစွာဖြင့် တန်ဖိုးနည်းအမှိုက်တစ်စပမာ ထိုးကျွေးခံရသည်။ `၅၂၈´ခေါင်းစဉ်အောက်မှ ကျောပွတ် ရင်သပ်လျှိလျက် ခေါင်းခေါက်သွားကြသည့် အဖြစ်များ။ လူယုံသတ်၍သေရသော လူမဆန်သည့် ကျင့်ဝတ်များ။ အတူကျားကန်ခဲ့သောနေ့စွဲများ မေ့လျော့ခြင်းနိယာမအောက် အမေ့ခံခဲ့ရသည်။ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရင်း အိမ်မပြန်နိုင်တော့သည့် အိမ်ဝေးငှက် စက်ခေါင်းအမှတ်များ။ ရာသီတပတ်လည်သည့်တိုင် ဖြေလျော့နိုင်ခြင်းမရှိသေးသည် သေးသိမ်သည့် သဘောထားအောက်မှ အပယ်ခံစက်ခေါင်းဟောင်းများ။ မေ့လျော့မှုသည် မေ့လျော့နေခြင်း ဇာတ်ကွက်အောက်၌သာ အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်။ တဖန်ပြန်လည်အသက်သွင်းထားသည့် ဟောင်းနွမ်းနေသော စက်ခေါင်းအမှတ်များ၏ ဒိုင်ယာရီသည် အလင်းရောင်ထဲတွင် ပိုမိုမှောင်မိုက်နေသည်။

    ကြယ်မစုံသော အလင်းမဲ့ညတစ်ညသည် အဟာရဆိတ်သုဉ်းနေဆဲပင်။ မေ့လျော့ခြင်းအကြောင်း ပိုမိုပြောဖြစ်သည့် သက္ကရာဇ်များသည် ပိုမိုမေ့လျော့ခံခဲ့ရသည်။ ရောင်နီအလာကိုစောင့်မျှော်ရင်း ကဖိန်းဓါတ်များ ခန္ဓာကိုယ်ထဲ ပိုမိုသွတ်သွင်းဖြစ်သည်။ ဝမ်းတစ်ထွာအတွက် သံချေးတက်နေသည့် စက်ခေါင်းများ အချိန်မီခရီးဆက်နိုင်ရန် ဖြတ်ညှပ်ကပ်များ ပြုလုပ်ခဲ့ရသည်။ ဤသို့နှင့် ရောင်နီကိုစောင့်မျှော်နေသူများအတွက် တာရှည်လွန်းသည့် အလင်းမဲ့ညသည် မေ့လျော့ခြင်းနိယာမအောက် သံချေးအထပ်ထပ်တက် အသုံးပြုရန်ခက်ခဲနေသော စက်ခေါင်းအမှတ်များသာ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts