Homeသတင်း(၁၀+၁၀) ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပရန် NCA-S EAO ဆုံးဖြတ်

(၁၀+၁၀) ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပရန် NCA-S EAO ဆုံးဖြတ်

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၁)

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များအကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှတဆင့် ဆွေးနွေးအဖြေရှာသွားနိုင်ရန် လာမည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် (၁၀+၁၀) ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပသွားရန် သဘောတူဆုံးဖြတ်လိုက်ကြောင်း NCA လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO က ယနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ပုပ္ပားမှာကျင်းပမယ်ဆိုရင် နေရာထိုင်ခင်း အဆင်ပြေလိမ့်မှာမဟုတ်ဘူး၊ နေရာခွဲပြီးနေကြရမယ့်အနေအထား ရှိတယ်၊ ဒါကြောင့် နေပြည်တော်ပဲ အဆင်ပြေလိမ့်မယ်ဆိုပြီး ဒီညနေပိုင်းမှာ ဆုံးဖြတ်ချက် ကျသွားတာပါ” ဟု ဆိုသည်။

Photo-PPST အစည်းအဝေး(၀၂/၂၀၁၈)

သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေး(၀၂/၂၀၁၈) ကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ကျင်းပခဲ့ရာ ထိပ်သီးဆွေးနွေးပွဲသို့ NCA-S EAO ၁၀ ဖွဲ့ တက်ရောက်ရေး ယနေ့နံနက်ပိုင်းအထိ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပေ။

“ခုလိုထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံကြတာဟာ ဒါပထမဆုံးအကြိမ်ပါ၊ တစ်ဆို့မှုတွေ ဘယ်လိုဖြစ်ပေါ်နေသလဲ ဝိုင်းဝန်းဆွေးနွေးပြောဆိုကြမယ်၊ ရှေ့မှာလည်း ဒီထက်ကောင်းတဲ့ ထိပ်သီးဆွေးနွေးပွဲတွေ လုပ်ဆောင်သွားနိုင်ဖို့၊ တဖက်မှာ ကျနော်တို့ တိုင်းရင်းသားအချင်းချင်းမှာလည်း အများကြီးဆွေးနွေးကြရဦးမယ်” ဟု နိုင်အောင်မငေးက ပြောသည်။

ထို့အတူ ကရင့်အမျိုးသားအစည်းအရုံး KNU အနေဖြင့် တိုင်းရင်းသားအကြား ပူးပေါင်းဆောင်ရွက်ရာတွင် တူညီသည်ကို ပေါင်းလုပ်ပြီး၊ မတူသည်ကို ခွဲလုပ်မည့်“မူ” ရှိကြောင်း ။ ထို့ကြောင့် NCA-S EAO ၁၀ ဖွဲ့ကြားတွင် ဘုံသဘောထားရပ်တည်ချက်များ မဖြစ်မနေ ချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ယမန်နေ့ PPST အစည်းအဝေးသဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကျနော်တို့ဟာ အနာဂတ်ပြည်ထောင်စုကြီးကို အတူတကွနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမှာဖြစ်တဲ့အတွက် NCA လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ပါဝင်လာနိုင်တဲ့ အခင်းအကျင်း အတွက် လမ်းရှာပေးရမှာ ဖြစ်တယ်” ဟု ဆိုသည်။

တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဆုံးအဖြတ်ပေးနိုင်သော သက်ဆိုင်ရာခေါင်းဆောင်များ ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ရေးထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် ၁၀ ဦးတို့၏ (၁၀+၁၀) ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် မူလက မြန်မာပြည်အလယ်ပိုင်း ပုပ္ပါး၌ ကျင်းပရန် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်များကို အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts