spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းပုပ္ပါးထိပ်သီးဆွေးနွေးပွဲ ပြန်လည်ညှိနှိုင်းရန် KNU ကြေညာချက်ထုတ်ပြန်

    ပုပ္ပါးထိပ်သီးဆွေးနွေးပွဲ ပြန်လည်ညှိနှိုင်းရန် KNU ကြေညာချက်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၉) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ၁၀ ဦးတို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပမည့်ရက်ကို ပြန်လည်ညှိနှိုင်းလိုကြောင်း ကရင့်အမျိုးသားအစည်းအရုံး KNU က အောက်တိုဘာ ၆ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    မြန်မာပြည်အလယ်ပိုင်း ပုပ္ပါး၌ လာမည့်အောက်တိုဘာ ၁၅ ရက်နေ့ ထိပ်သီးအစည်းအဝေးသည် အစိုးရနှင့် တိုင်းရင်းသားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်လုံးဆန္ဒရှိသည်ကို ကြိုဆိုလိုက်သော်လည်း လိုအပ်သည့်ပြင်ဆင်မှုများအတွက် ဆွေးနွေးပွဲကျင်းပမည့်ရက်ကို ညှိနှိုင်းလိုခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ပြောသည်။

    ပဒိုစောတာဒိုမူးက “ထိပ်သီးခေါင်းဆောင်တွေပါဝင်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ခေါင်ဆောင်များအားလုံးကနေပြီးတော့ တူညီတဲ့သဘောထားရှိတာကတော့ တစ်ဆို့မှုတွေကိုဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြည့်ပြည့်ဝဝလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံကြောင့် ကျနော်တို့ဒီ (၁၅) ရက်နေ့မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာကိုကျနော်တို့ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ညှိနှိုင်းသွားမှာ ဖြစ်တယ်” ဟု ဆိုသည်။

    KNU ထုတ်ပြန်ချက်(Copy)

    NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀၊ ၁၁ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ရာ KNU အနေဖြင့် အဆိုပါထိပ်သီးဆွေးနွေးပွဲကျင်းပမည့်ရက် ပြန်လည်ညှိနှိုင်းလိုသည့်ကိစ္စအား ဆွေးနွေးကြမည်ဖြစ်သည်။

    ပဒိုစောတာဒိုမူးက “ခွဲမထွက်ရ ဆိုတဲ့ကိစ္စက NCA ထဲမပါဘူး၊ နောက်ပြီးတော့ တစ်ခုတည်းသောတပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ အခြေခံမျိုးတွေ NCA ထဲ မပါဘူး အဲဒီ NCA ဖော်ဆောင်တဲ့နေရာမှာ ဆိုရင် NCA အထဲမှာရှိတဲ့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးရန်လိုအပ်တဲ့ တပ်ပိုင်းဆိုင်ရာဆွေးနွေးမှုသော်၎င်း၊ NCA ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ မတူညီတဲ့အချက်တွေကိုသော်၎င်း၊ ကြားကာလဆိုင်ရာမတူညီတဲ့ အချက်ကိုသော်၎င်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စ ကွဲလွဲတဲ့အယူအဆတွေသော်၎င်း ဒါတွေက ဆက်ပြီးတစ်ဆို့နေတဲ့ကိစ္စတွေ ဖြစ်တယ်၊ အဲဒီအတွက်ကြောင့် အဲဒါကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်” ဟု ဆက်ပြောသည်။

    သို့ရာတွင် အဆိုပါ KNU ကြေညာချက်နှင့်ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “ဒီမိုကရေစီစနစ်အတွက် အာမခံချက်ရှိဖို့၊ တိုင်းရင်းသားတွေအတွက်လည်း အာမခံချက်ရှိဖို့ အဲဒီပုံစံမျိုးကို ကျနော်တို့စဉ်းစားပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့မူတခုကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်တယ်၊ နိုင်ငံရေးအရ မူဘယ်လောက်ဘဲချချ လုံခြုံရေးအရ နိုင်ငံရေးကိုအကာအကွယ်မပေးနိုင်ရင် နောက်ပိုင်းမှာ အချိန်မရွေးပျက်စီးသွားနိုင်တယ်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။

    လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် ၃ နှစ်ပြည့် NCA လက်မှတ်ရေးထိုးခဲ့သည့် အထိမ်းအမှတ်ပွဲနှင့်အတူ ၅ ရက်ကြာကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် အဆုံးအဖြတ်ပေးနိုင်သည့် သက်ဆိုင်ရာခေါင်းဆောင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်သည့်အတွက် ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေးပြဿနာများအား ဖြေရှင်းနိုင်မည့် အခြေခံမူများ ရရှိရန် မျှော်လင့်နေကြသည်။

    ထို့အပြင် NCA လက်မှတ်မရေးထိုးသေးသည့် အဖွဲ့များ ကျန်ရှိနေပြီး ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း KNU ကြေညာချက်က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks