spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နည်းလမ်းစုံပေါင်းစပ်၍ ရေရှည်ကြိုးပမ်းသွားရဦးမည်ဟု မွန်ပါတီ ဥက္ကဌပြော

    ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နည်းလမ်းစုံပေါင်းစပ်၍ ရေရှည်ကြိုးပမ်းသွားရဦးမည်ဟု မွန်ပါတီ ဥက္ကဌပြော

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၃)။ ။ ပြည်ထောင်စု၏ပန်းတိုင်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်နိုင်ငံဖြစ်ပေါ်လာရေးအတွက် နည်းလမ်းစုံပေါင်းစပ်၍ ရေရှည်ရုန်းကန်ကြိုးပမ်းသွားရဦးမည်ဖြစ်ကြောင်း မွန်ပါတီ Mon Party ဥက္ကဌ နိုင်တင်အောင်(နိုင်တလနွန်) က ပေါင်းစည်းရေးအခမ်းအနားနှင့် ပါတီအမည်သစ် မိတ်ဆက်ပွဲ မိန့်ခွန်းတွင် မွန်ဘာသာဖြင့် ပြောကြားသည်။

    နိုင်တင်အောင်က “ အဲဒီ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိနိုင်ဖို့အတွက် ဦးဆောင်သွားမယ့်ပါတီဟာ ခိုင်မာတဲ့နိုင်ငံရေး ရည်မှန်းချက်တွေအပြင် ပါတီတွင်းညီညွတ်မှုရှိဖို့ အထူးလိုအပ်သလို မိမိတို့ မွန်အမျိုးသားထုတရပ်လုံးကို ဦးဆောင်တဲ့ပါတီဖြစ်ဖို့ ကျနု်ပ်တို့ရဲ့တာဝန်ပဲ ဖြစ်တယ်ဆိုတာ လက်ခံမှတ်ယူထားပြီး ပါတီနဲ့လူမျိုးအပေါ် သစ္စာစောင့်သိကြရမှာ ဖြစ်တယ်” ဟု ဆက်ပြောသည်။

    ပါတီပေါင်းစည်းရေးလက်မှတ်ရေးထိုးသူ ခေါင်းဆောင်များနှင့် အသိသက်သေများ(MNA)

    အခမ်းအနားကို မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာ Royal Hotel ၌ စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကျင်းပရာ နယ်ပယ်စုံအသီးသီးမှ မွန်တိုင်းရင်းသားတစ်ထောင်ကျော် တက်ရောက်ကြောင်း၊ မွန်အမျိုးသားပါတီ MNP ဥက္ကဌ နိုင်တင်အောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဒု ဥက္ကဌ(၁) နိုင်လှအောင်နှင့် ပြင်ပမွန်နိုင်ငံရေးအင်အားစုများကိုယ်စား နိုင်တလညီတို့က ပေါင်းစည်းရေးသဘောတူညီချက်အား လက်မှတ်ရေးထိုး၍ မွန်ပြည်သစ်ပါတီ NMSP အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ အငြိမ်းစား တိုင်းဒေသကြီး ဥပဒေချုပ်(မန္တလေး) နိုင်ရဲအောင်မြင့်၊ မိအုံးရီ(အငြိမ်းစား အထကကျောင်းအုပ်) နှင့် ဗညားစိုင်းမွန်(မွန်စာရေးဆရာ) တို့ အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

    ထို့အတူ မွန်ပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက “အခုပေါင်းစည်းရေးအခမ်းအနားပြီးတာနဲ့ တဆက်ထဲမှာပဲ ပါတီမှတ်ပုံတင်ရေးကိစ္စကို ကျနော်တို့တောက်လျောက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ မွန်ပါတီဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပပြီးလို့ရှိရင် ပါတီမှတ်ပုံတင်ရေးကိစ္စကို အဲဒီဗဟိုကော်မတီအစည်းအဝေးမှာ ရွေးချယ်ဖွဲ့စည်းပြီးတော့ တာဝန်ပေးအပ်ဖို့ ရှိပါတယ်” ဟု ပါတီအမည်သစ် မိတ်ဆက်ပွဲအခမ်းအနားအပြီး ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

    သို့ရာတွင် လာမည့်ပါတီဗဟိုကော်မတီအစည်းအဝေး၌သာ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည့်အတွက် မွန်ပါတီ တရားဝင်အမည်ပြောင်းလဲမှတ်ပုံတင်သွားမည့်နေ့ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ ရေးဆွဲလျက်ရှိသည့် ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကိုလည်း အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များချမှတ်သွားရန် တစ်လအတွင်း မွန်ပါတီဗဟိုကော်မတီအစည်းအဝေး ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိ မွန်ပါတီသစ်တွင် AMDP – MNP တို့မှ ဗဟိုကော်မတီ ၅၀ ဦးစီနှင့် ပြင်ပမွန်နိုင်ငံရေးအင်အားစုများမှ ၂၀ ဦး စုစုပေါင်းဗဟိုကော်မတီဝင် ၁၂၀ ဦးတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့်အပြင် မွန်အရပ်ဖက်လူမှုအဖွဲ့ CSO မှ ပါဝင်သင့်သူအချို့လည်း ဗဟိုကော်မတီတွင် ပါဝင်လာရန် စီစဉ်လျက်ရှိပြီး ပါတီဝင်အင်အား သောင်းနှင့်ချီရှိမည်ဟု ခန့်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks