spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်တော်လှန်ရေးနေ့အခမ်းအနားများ အောင်မြင်စွာကျင်းပပြီးစီး

    မွန်တော်လှန်ရေးနေ့အခမ်းအနားများ အောင်မြင်စွာကျင်းပပြီးစီး

    -

    မွန်သတင်းအေဂျင်စီ-သြဂုတ်(၂၇)။ ။ ( ၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် မွန်ဒေသကျေးရွာများအသီးအသီးတွင် သြဂုတ် (၂၆) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

    မွန်ပြည်သစ်ထိန်းချုပ်နယ်မြေများဖြစ်သည့် မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်၎င်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် မော်လမြိုင်ခရိုင်ဌာနချုပ်တွင်၎င်း၊ ကော့ကရိတ်မြို့နယ်အခြေစိုက် သထုံခရိုင်ဌာနချုပ်တွင်၎င်း၊ ဘုရားသုံးဆူနယ်စပ်အခြေစိုက် ဗလဲ့ဒွန်ဖိုက်ဒေသတွင်၎င်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်နယ်မြေတွင်၎င်း စစ်ရေးပြ အလံတင်အခမ်းအနားများဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဌ နိုင်နယ်တူးရာမာဉ်က “ဒီနှစ်အခမ်းအနားကျင်းပရတာ အဆင်ပြေပါတယ်၊ ထူးခြားဖြစ်စဉ်တော့ မရှိပါဘူး၊ မနှစ်က မွန်တော်လှန်ရေးနေ့ လက်နက်နဲ့ စစ်ရေးပြအခမ်းအနားတွေကို တပ်မတော်ကနေ ဖိအားပေးမှုတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မရှိပါဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်သစ်ကျင်းပသည့် မွန်တော်လှန်ရေးနေ့အခမ်းအနား(MNA)

    ယမန်နှစ် မွန်တော်လှန်ရေးနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှအပ ကျန်ရှိသည့် ခရိုင်များအတွင်း လက်နက်ဖြင့်စစ်ရေးပြအခမ်းအနားပြုလုပ်မည့်အစီအစဉ်များကို တပ်မတော်မှကန့်ကွက်မှုများရှိခဲ့သဖြင့် နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

    အလားတူ မွန်လူထုလူတန်းစားအလွှာအသီးသီးတို့ ဦးဆောင်ကျင်းပသည့် ယခုနှစ် မွန်တော်လှန်ရေးအခမ်းအနားတွင် ကြွေးကျော်သံစာသားတစ်ခုကို တပ်မတော်မှ မနှစ်သက်သဖြင့် အချို့နေရာတွင် အဆင်မပြေမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သော်လည်း အခမ်းအနားများ ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးက “ ဒီနှစ်ကတော့ နေရာအတော်များများမှာ ကျင်းပလာတယ်၊ လူငယ်တွေတော်တော်များ ပါလာတာကို တွေ့ရတယ်၊ ခါတိုင်းနှစ်တက်လာတဲ့ပရိတ်သတ်က ဒီနှစ်လောက် တခါမှမများခဲ့ဘူး၊ သို့သော်လည်းပဲ အခမ်းအနားကျင်းပနေဆဲအထိ တချို့စိတ်ပူပန်မှုတွေက ရှိကြတာပေါ့” ဟု ဆိုသည်။

    မွန်လူထုများကျင်းပသည့် မွန်တော်လှန်ရေးနေ့အခမ်းအနား(MNA

    မွန်တော်လှန်ရေးနေ့ အခမ်းအနား မကျင်းပမီရက်ပိုင်းအတွင်း ဆိုင်းဘုတ်အချို့ ဖြုတ်ချခံခဲ့ရသည်မှာ အနှောက်အယှက်ပေးမှုတခုဟု ကျင်းပရေးကော်မတီအနေဖြင့် ခံစားရကြောင်း၊ “တော်လှန်ရဲမှ လွတ်လပ်မည်” ဆိုင်းဘုတ်စာသားကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် နှစ်စဉ်ကျင်းပမြဲအခမ်းအနားဖြစ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် သံသယရှိသည်ကို မတွေ့မိကြောင်း၊ သို့သော်လည်း ဆိုင်းဘုတ်စာသားကို တပ်မတော်ဘက်မှ သဘောမတွေ့ကြောင်း ၎င်းကယူဆသည်။

    အခမ်းအနားကျင်းပသည့်နံနက်ပိုင်းတွင် အင်အား ၄ ထောင်ကျော်ရှိ မွန်တော်လှန်ရေးနေ့ အထိန်းအမှတ်တူညီဝတ်စုံဖြင့် လူငယ်များသည် ၎င်းတို့ဘင်ခရာအဖွဲ့များနှင့်အတူ ကွယ်လွယ်သူမွန်ခေါင်းဆောင်တို့၏ အထိန်းအမှတ်အုတ်ဂူများရှိရာ နိုင်အောင်ထွန်း ပငရွာ၊ နိုင်နွန်လာ နှီးပဒေါရွာ၊ နိုင်ရော့စ ကလော့သော့ရွာ၊ နိုင်ထင် ကျိုက်ရွဲရွာ၊ နိုင်ဖိုးစိန် ကမာဝက်မြို့၊ နိုင်ထွန်းသိန်းနှင့် နိုင်သိန်းမောင် ပေါင်မြို့၊ အရှင်ကောသလ္လ ရွာလွတ်ရွာသို့ အသီးသီးသွားရောက်ဂါရဝပြုကြပြီးနောက် မွန်းလွဲပိုင်းအချိန်၌ မုဒုံမြို့နယ်၊ ကျောက်တစ်လုံး ဝင်းစိန်ဘုန်းတော်ကြီးကျောင်းဝင်း မွန်အာဇာနည်ကုန်းရှိ နိုင်ရွှေကျင် အုတ်ဂူတွင် နောက်ဆုံးဂါရဝပြု၍ ဟောပြောပွဲအစီအစဉ်များဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။

    တရားဥပဒေဘောင်အတွင်းမှ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နယ်ရရှိရေး တောင်းဆိုမရသည့်အဆုံးတွင် ဖဆပလအစိုးရ၏လုံခြုံရေးတပ်စခန်းတစ်ခုအား မွန်လူငယ်တစ်စုက လက်နက်လုယက်သိမ်းပိုက်အောင်မြင်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks