spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းဒေသ SMD လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီမှ ဝန်ဆောင်ခ ၅၀၀ ကျပ် ကောက်ခံမှုရပ်ဆိုင်း၍ လမ်းမီးများပိတ်မည်

    ရေးမြောက်ပိုင်းဒေသ SMD လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီမှ ဝန်ဆောင်ခ ၅၀၀ ကျပ် ကောက်ခံမှုရပ်ဆိုင်း၍ လမ်းမီးများပိတ်မည်

    -

    မွန်ပြည်နယ် ရေးမြောက်ပိုင်းဒေသ လမိုင်းမြို့အပါအဝင် ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးလျက်ရှိသော Southern Myanmar Development Co., Ltd.-SMD ကုမ္ပဏီအနေဖြင့် သဘောတူညီချက်တွင်မပါဝင်သော လစဉ်ဝန်ဆောင်ခ ၅၀၀ ကျပ် ကောက်ခံခြင်းအားရပ်ဆိုင်း၍ လမ်းမီးများပိတ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ပေးပို့စာမိတ္တူတစ်စောင်၌ တွေ့ရှိရသည်။

    သြဂုတ်လ ၁၈ ရက်စွဲပါ နှစ်ကရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထံသို့လိပ်မူ၍ နာမည်ဖော်ပြထားခြင်းမရှိသည့် SMD ရေးမြောက်ပိုင်းဒေသ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း စီမံကိန်းတာဝန်ခံ လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်း ဖြစ်သည်။

    နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “လမ်းမီးကိစ္စ ကျန်သေးတယ်၊ ရွာမှာထွန်းခဲ့တဲ့ လမ်းမီး ၂ လစာပေးဖို့ ကုမ္ပဏီကနေ မေတ္တာရပ်ခံလာတယ်၊ စာချုပ်သဘောတူညီချက်မှာမပါဘဲ ကိုယ့်ဟာကိုလမ်းမီးထွန်းပြီး အိမ်တွေမှာလိုက်ကောက်တဲ့ဟာက ပြောဆိုရခက်ပါတယ်၊ ရွာသားတွေနဲ့ တိုင်ပင်ရဦးမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နှစ်ကရင်ကျေးရွာရှိ လျှပ်စစ်ဓါတ်အားသုံးစွဲသူများအနေဖြင့် (၇-၄-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ နေ့အထိ) သုံးစွဲထားခဲ့ပြီးသောလမ်းမီးများအား စက်တင်ဘာလ ၂၀ ရက်နေ့မတိုင်ခင်ပေးဆောင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ယူညှိနှိုင်းဆောင်ရွက်ပေးရန် SMD ကုမ္ပဏီက မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

    SMD ကုမ္ပဏီအကြောင်းကြားစာ(Copy)

    သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့သော နှစ်ကရင်ကျေးရွာ မီးသုံးစွဲသူလူထုတွေ့ဆုံဆွေးနွေးပွဲတွင် SMD ကုမ္ပဏီမှ ချုပ်ဆိုထားသောစည်းကမ်းချက်နှင့်ညီညွတ်မှုမရှိသော အခြားဝန်ဆောင်မှုများ ပေးဆောင်နေရခြင်းအပေါ် လုံးဝလက်မခံနိုင်ကြောင်း၊ လက်ရှိသုံးစွဲခဲ့သော ယူနစ်ကုန်ကျစရိတ်များကိုသာ လောလောဆယ်ပေးသွင်းနိုင်ပါကြောင်း သဘောထားအပေါ် အခြေခံ၍ SMD ကုမ္ပဏီမှ အကြောင်းပြန်ကြားခဲ့သည်ဟု ဆိုသည်။

    သို့ရာတွင် မွန်သတင်းအေဂျင်စီက လမိုင်းမြို့ရှိ SMD ရေးမြောက်ပိုင်းဒေသ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

    SMD ကုမ္ပဏီ အကြောင်းပြန်ကြားစာတွင် နှစ်ကရင်ကျေးရွာရှိ လျှပ်စစ်ဓါတ်အားသုံးစွဲသူများအားလုံးသို့ အိမ်သုံးမီးအား အခြားကျေးရွာများနည်းတူ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး စာချုပ်တွင်ပါဝင်ခြင်းမရှိသော ကျေးရွာလမ်းမီးများအား လာမည့်စက်တင်ဘာလ ၁ ရက်နေ့မှစ၍ နှစ်ကရင်ကျေးရွာရှိလမ်းမီးများအားလုံး ပိတ်ပေးသွားမည်ဟု ဖော်ပြပါရှိသည်။

    လမိုင်းမြို့မ(၃) အုပ်ချုပ်ရေးမှူး နိုင်ဝေက “လုံခြုံရေးရှုထောင့်ကနေကြည့်ရင် လမ်းမီးကိစ္စက အစိုးရနဲ့ဆိုင်ပါတယ်၊ ပြည်နယ်အစိုးရအနေနဲ့လည်း ပံ့ပိုးပေးသင့်တယ်၊ ဒေသခံတွေကိုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲနဲ့ ရေရှည်သွားနိုင်ဖို့ လောလောဆယ် သင့်တင့်တဲ့နှုန်းထားတစ်ခု အစိုးရတာဝန်ယူ ညှိနှိုင်းသတ်မှတ်ပေးသင့်တယ်” ဟု ဆိုသည်။

    သို့ရာတွင် ရေးမြို့နယ်အတွင်း SMD Co., Ltd. လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးအတွက် မွန်ပြည်နယ်လွှတ်တော်မှ သဘောတူခွင့်ပြုထားပြီးဖြစ်သော်လည်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းလိုင်စင် တရားဝင်ခွင့်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရှိရသည်။

    လက်ရှိတွင် လမိုင်းမြို့၊ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်နှင့် ကော့ဒွတ်ကျေးရွာများတွင် SMD ကုမ္ပဏီမှ လျှပ်စစ်နှုန်းထားခ တစ်ယူနစ် ၄၂၅ ကျပ်သတ်မှတ်ထားပြီး ဝန်ဆောင်ခ ၅၀၀ ကျပ်နှင့် လမ်းမီးခ လစဉ်တစ်အိမ် ၄၂၅၀ ကျပ်ကောက်ခံနေသည့်အပေါ် ဒေသခံနှင့် ကုမ္ပဏီအကြား အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks