Thursday, April 16, 2026
More
    spot_img
    Homeသတင်းမြသပိတ်တောင် မြေလွှာပြိုကျသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်တချို့ပြောင်းရွေ့

    မြသပိတ်တောင် မြေလွှာပြိုကျသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်တချို့ပြောင်းရွေ့

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအနီးရှိ မြသပိတ်တောင်အလယ်ပိုင်း၌ မြေလွှာတဖြည်းဖြည်းပြိုကျလာသဖြင့် ရှေးဟောင်းကြောင်တရာ ဘုန်းတော်ကြီးကျောင်းနှင့် တောင်ခြေရှိလူနေအိမ်တချို့ ပြောင်းရွေ့ခဲ့ရကြောင်း ဘီးလင်းမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

    ကြောင်တရာဘုန်းတော်ကြီးကျောင်း၏အထက်၊ မြသပိတ်စေတီတော်၏အောက်နားခန့်တွင် ၁၁ ဧကခန့်ကျယ်သည့်မြေပြန့်သည် သြဂုတ်လ ၃ ရက်နေ့က ၁၂ ပေအထိ အောက်ဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားကြောင်း ၎င်းက ဆိုသည်။

    ဒေါက်တာခင်နိုင်ဦးက “အခုဆိုရင် အဲ့ဒီကြောင်တရာဘုန်းကြီးကျောင်းရဲ ့တောင်ဘက်အစွန်ဆုံးကျောင်းဟာ မြေပိလို့ တစ်ခြမ်းပြိုသွားပြီး။ တစ်နေ့ထက်တစ်နေ ့သိသိသာသာပြိုဆင်းနေတယ်။ အဲ့ဒါအပြင် ကျောက်တုံးကြီးတွေ၊ ခဲလုံးကြီးတွေလည်းပြုတ်ကျတာမျိုးရှိတယ်။ တောင်ပေါ်တက်တဲ့ကားလမ်းပေါ်မှာလည်း ခဲလုံးတွေပြုတ်ကျနေတာမျိုးရှိနေတယ်” ဟု ပြောသည်။

    မြသပိတ်တောင်ရှိ ကြောင်တရာဘုန်းတော်ကြီးကျောင်း(Khain Naing Oo fecebook)

    ထို့ကြောင့် လွန်ခဲ့သည့်သုံးရက်ခန့်က တောင်ခြေရှိ ၀င်းကကျေးရွာအုပ်စု ညောင်သုံးပင်ကျေးရွာမှ အိမ်ခြေ ၁၅ လုံးကို ပြောင်းရွှေ့ထားပြီး၊ ကြောင်တရာဘုန်းကြီးကျောင်းတိုက်မှ သံဃာတော်များကိုလည်း ပြောင်းရွှေ့ရန် လျှောက်ထားခဲ့သည်ကို ပြည်နယ်အစိုးရထံ သတင်းပေးပို့ထားကြောင်း ၎င်းက ရှင်းပြသည်။

    ထို့ပြင် တဖြည်းဖြည်းနိမ့်ဆင်းလာနေသည့် မြေထုတည်ကြီး ပြိုကျလာပါက အန္တရာယ်ရှိနိုင်သည့် အစိုးရမူလတန်းစာသင်ကျောင်းတစ်ကျောင်းကိုလည်း ခေတ္တပိတ်ထားရသည်ဟု ဆိုသည်။

    “မြေပြန့်ကြီးက သြဂုတ်-၄ ရက် မှာ ၁၄ ပေလောက်ထိ ထပ်ကျသွားပြီ။ ကြောင်တရာကျောင်းတိုက် ခံနေလို့ မြေကြီးတွေက အောက်ကို တိုက်ရိုက်မဆင်းလာတာပါ။ အဲ့ဒီအပြင်ကို ၁၅ ပေ၊ ပေ ၂၀ လောက်ရှိတဲ့ကျောက်တုံးကြီးတွေဆင်းလာဖို့ ရှိနေတယ်။ အဲ့ဒီအောက်မှာ အိမ်ပေါင်း (၃၀) လောက်ရှိတယ်။ တချို့ အိမ်တွေကိုတော့ ရွေ့ ပေးဖို့ ပြောထားပါတယ်။ တောင်ပေါ်ကကျောက်တုံးကြီးတွေလိမ့်ဆင်းလာရင် အဲ့ဒီအိမ်တွေ ဒုက္ခရောက်နိုင်ပါတယ်” ဟု ဒေသခံ ကိုပြည့်စုံက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks