spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီးလင်းရေကျသော်လည်း သထုံမြို့နယ်ကျေးရွာပေါင်း ၃၀ ခန့်တွင် လူဦးရေတစ်သောင်းခွဲကျော်ရေဘေးသင့်

    ဘီးလင်းရေကျသော်လည်း သထုံမြို့နယ်ကျေးရွာပေါင်း ၃၀ ခန့်တွင် လူဦးရေတစ်သောင်းခွဲကျော်ရေဘေးသင့်

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရေများကျသွားပြီဖြစ်သော်လည်း သထုံမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ နီးပါးခန့် လူဦးရေတစ်သောင်းခွဲကျော် ရေဘေးသင့်နေကြောင်း သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာ ရေဘေးကွပ်ကဲရေးရုံးမှ သိရသည်။

    သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “ရေဘေးသင့်ပြည်သူတွေထဲမှာ တချို့က ကယ်ဆယ်ရေးလူတွေ ရောက်လာမှ ထွက်ထွက်လာကြတယ်။ ရွာထဲမှာ ရေ (၄) ပေလောက်ရှိနေပြီ။ ရွာသားတွေက ဘယ်လိုထွက်ပြေးရမှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီလိုရွာတွေ (၂၆) ရွာကျော် ရှိနေပါတယ်” ဟု ပြောသည်။

    သထုံမြို့နယ်အတွင်း ရေမြုပ်သည့်နေအိမ်များ(MNA)

    အဆိုပါရေဘေးသင့်ကျေးရွာများသို့ သွားရောက်မည့်လမ်းကြောင်းမှာ ရေလမ်းတစ်ခုသာရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ အဆက်အသွယ်မရသည့် အနေအထားရှိနေပြီး သတင်းအချက်အလက်များကြိုးစားရယူနေကြောင်း၊ ကယ်ဆယ်ရေးစခန်းမဖွင့်လှစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

    “ကျေးရွာတွေမှာ ဆန်၊ ဆီရှိပေမယ့် ချက်စားလို့ မရတဲ့အနေအထားမျိုးဖြစ်နေတယ်။ ရေတွေကပြည့်နေတာကိုး။ ကျွန်မတို့က ထမင်းထုပ်တွေ နေ့စဉ်ပို့ ပေးနေရပါတယ်။ ထမင်းထုပ်က မလောက်ဘူးလို့ ပြောရမယ်။ နောက်ရေသန့် ပြဿနာရှိတယ်။ လက်ရှိမှာ ဒီအထက်စျေးမသွယ်ရွာကနေ ထမင်းထုပ်တွေကို လှေတွေနဲ့ ထည့်ပေးနေပါတယ်။ ထမင်းထုပ်တွေနဲ့ အတူ သောက်ရေသန့် တွေကိုပါ တပါတည်း ထည့်ပေးရပါတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်ပြောသည်။

    အဆိုပါရေဘေးသင့်ကျေးရွာများအနက် ဒုံသမိချောင်းတစ်ဖက်ကမ်းရှိ ကြက်တူရွေးတောင်ကျေးရွာ၊ ကရင်ပြည်နယ်ဘက်မှ ငါးပြားနက်ကျေးရွာနှင့် ထုံးဘိုကွေ့ကျေးရွာတို့ကို သထုံမြို့နယ်နှင့်နီးစပ်သည့်အတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း သထုံမြို့နယ်၊ စျေးမသွယ်အထက်ကျေးရွာ ရေဘေးကွပ်ကဲရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ကျွန်တော်တို့ရွာမှာက အိမ်ခြေ (၂၀၀) ကျော်ရေလွှမ်းနေတယ်။ ရေတွင်းတွေလည်းမြုပ်နေတော့ သောက်သုံးရေအခက်အခဲဖြစ်နေပါတယ်။ နောက်ပြီး နွမ်းပါးတဲ့ မိသားစုတွေ ချက်ပြုပ်စားသောက်ဖို့က နေအိမ်တွေရေတွေမြုပ်နေတော့ အခက်အခဲတွေတွေ့နေရပါတယ်။ ရေကျသွားပြီထားဦး အိမ်ကရေမြုပ်ခဲ့တော့ ချက်ဖို့ပြုပ်ဖို့ အခက်အခဲတွေ တွေ့ရဦးမှာပါ” ဟု ဒလပန်းကျေးရွာမှ ဦးဘပုက ပြောသည်။

    လက်ရှိအခြေအနေတွင် ရေသန့်များ၊ ဆေးဝါးများ အဓိကလိုအပ်လျှက်ရှိရာ ကျန်းမာရေးအဖွဲ့ အစည်းများက အဆိုပါကျေးရွာများသို့ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း တွေ့ရှိရသည်။

    “ရွာမှာက ဒုတိယဝါဆိုလပြည့်မတိုင်ခင်ကတည်းက ရေမြှပ်နေတာ။ ရေပြန်မကျဘူး။ ထပ်ထပ်တိုးနေတယ်။ အခု သံလွင်မြစ်ရေတိုးမှာ ကျွန်တော်တို့ ကြောက်နေရတယ်။ ကျွန်တော်တို့ ရွာတွေက သံလွင်ရေကိုကြည့်နေရတော့ သံလွင်ရေကျရင် ကျွန်တော်တို့မှာ ကျမယ်။ သံလွင်ရေတိုးရင် ကျွန်တော်တို့မှာ ထပ်တိုးမယ်။ ကျွန်တော်တို့ ရွာတွေက စပါးစိုက်ကြတော့ အခု စပါးခင်းတွေရေမြုပ်နေတာ ဟိုး ဒုတိယဝါဆိုလပြည့်မတိုင်ခင်ကတည်းက မျိုးစပါးတွေမြုပ်နေတာ အခုချိန်အထိပါပဲ” ဟု ဦးဘပုက ဆက်ပြောသည်။

    ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၌ မိုးများဆက်လက်ရွာသွန်းနေသဖြင့် အချို့ဒေသများတွင် ရေများတိုးမြင့်လာသည့် အနေအထားရှိကြောင်း တွေ့ရှိရသည်။

    ပဲခူး၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ် စသည့်ရေကြီးရေလျှံနေရာများမှ ရေဘေးကယ်ဆယ်ရေးစခမ်း (၆၅) ခု ပိတ်သိမ်းခဲ့သော်လည်း လူဦးရေတသိန်းကျော် ရေအန္တရာယ်နှင့် ရင်ဆိုင်တွေ့ကြုံနေရဆဲဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks