spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တဝိုက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီနှင့် ဒေသခံများအကြား လျှပ်စစ်မီတာနှုန်းထား သဘောတူညီမှုမရ

    လမိုင်းမြို့တဝိုက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီနှင့် ဒေသခံများအကြား လျှပ်စစ်မီတာနှုန်းထား သဘောတူညီမှုမရ

    -

    မွန်ပြည်နယ် လမိုင်းမြို့အပါအဝင် အနီးတဝိုက်ကျေးရွာ ၉ ရွာတွင် လျှပ်စစ်ဓါတ်အားစတင်ဖြန့်ဖြူးနေသော Southern Myanmar Development ကုမ္ပဏီလီမီတက်နှင့် ဒေသခံလျှပ်စစ်မီးလင်းရေးညှိနှိုင်းရေး ကော်မတီများအကြား လျှပ်စစ်မီတာခနှုန်းထားများ သတ်မှတ်ရေးအတွက် မွန်ပြည်နယ်လွှတ်တော်၌ ဇူလိုင်လ ၃၀ ရက်နေ့က ညှိနှိုင်းပွဲတရပ်ကျင်းပခဲ့ရာ သဘောတူညီမှုမရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဒေသခံများဘက်မှ ညှိနှိုင်းပွဲသို့တက်ရောက်သူ လမိုင်းမြို့မ(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်ဝေက “အိမ်သုံးလျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ် ၄၂၅ ကျပ်က စျေးကြီးပေမယ့် ၂၄ နာရီမီးလင်းတဲ့အတွက် ကျနော်တို့ဒေသခံတွေဘက်က လက်ခံတယ်၊ ဒါပေမယ့် လမ်းမီးအတွက် တစ်လကို တစ်အိမ် ၁၀ ယူနစ်စာ ကောက်ခံမှာကိုတော့ ကျနော်တို့သဘောမတူနိုင်ဘူး၊ ဖြစ်သင့်တာက လမ်းမီးအတွက် တစ်အိမ်ကျပ်တစ်ထောင်နှုန်းလောက်ဆိုရင် ရွာသားတွေ လက်ခံနိုင်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်းက ၄င်းတို့လျှပ်စစ်မီးစက်များ မတည်ဆောက်မီ ဒေသခံများနှင့် လာရောက်ညှိနှိုင်းစဉ်တွင် တစ်ယူနစ် ၂၈၅ ကျပ်ခန့်သာမီတာခပေးဆောင်ရမည်ဟု ခန့်မှန်းထားကြောင်း၊ အကယ်၍ လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်းကိုလည်း သက်ဆိုင်ရာကျေးရွာများမှတာဝန်ယူပါက တစ်ယူနစ် ၁၈၀ ကျပ်ခန့်သာ ကုမ္ပဏီသို့ပေးသွင်းရမည်ဟု ဆိုခဲ့ကြောင်း နိုင်ဝေက ဆက်ပြောသည်။

    လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီနှင့် ဒေသခံများညှိနှိုင်းပွဲ(MNA)

    “ဒီညှိနှိုင်းပွဲမှာ ဆုံးဖြတ်ချက်မချနိုင်တာက ကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်း မတက်ရောက်နိုင်လို့ပါ၊ နောက်တချက်က လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်းကိုလည်း ကိုညီညီလွင် ဆိုတဲ့ပုဂ္ဂိုလ်ကို ဦးစိန်ဝမ်းလွှဲပေးလိုက်ပြီ၊ ကိုညီညီလွင်ကလည်း အစိုးရဆီ သူရေးဆွဲတင်ပြခဲ့တဲ့ Plan အတိုင်းသွားနေတယ်၊ ဒါကြောင့် ညှိလို့မရဘူး” ဟု နိုင်ဝေက ဆိုသည်။

    သို့ရာတွင် လျှပ်စစ်ဥပဒေအရ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ပါးပါ၀င်သည့် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ကြီးကြပ်ရေး ၅ ဦးပါကော်မတီကို မွန်ပြည်နယ်အစိုးရဖွဲ့စည်းခဲ့ပြီးဖြစ်သော်လည်း ၄င်းကော်မတီက ခေတ်နှင့်လျှော်ညီသည့် မီတာနှုန်းထားခများကို ကြိုတင်သတ်မှတ်ပေးခြင်းမရှိခဲ့သဖြင့် လျှပ်စစ်မီးထုတ်လုပ်သည့်ကုမ္ပဏီနှင့် ဒေသခံများအကြား ယခုကဲ့သို့အငြင်းပွားစရာဖြစ်နေရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်သည်။

    “လျှပ်စစ်ဥပဒေအရ ဖွဲ့ထားတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီက ကာလဒေသ ခေတ်နဲ့လျှော်ညီတဲ့ မီတာနှုန်းထားတွေကို သူတို့က သတ်မှတ်ဆောင်ရွက်ပေးရမယ်ဆိုတဲ့ဟာတွေ ပါတယ်။ သို့သော်လည်းပဲ အဲဒီကော်မတီက လျှပ်စစ်မီတာခကြိုတင်သတ်မှတ်ပေးခဲ့တာ မရှိဘူး၊ ဒါကြောင့် ကြီးကြပ်ရေးကော်မတီဘက်ကလည်း ကိုယ့်ရဲ့တာဝန်လုပ်ပိုင်ခွင့်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ လျော့ရဲနေတာတွေ့ရတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ထို့ပြင် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီများအနေဖြင့် ဥပဒေကြောင်းအရ လုပ်ငန်းလိုင်စင်ခွင့်ပြုချက် တောင်းခံထားခြင်းမရှိသလို ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီဘက်ကလည်း လမ်းညွှန်ကြီးကြပ် ထိန်းကြောင်းပေးခြင်းမရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ လျှပ်စစ်မီတာနှုန်းထားခများကို ယခင်လများက တစ်ယူနစ်၂၈၅ ကျပ်ကောက်ခံခဲ့သော်လည်း ယခုအခါ ၄၂၅ ကျပ်ကောက်ခံလာသည့်အပေါ် ကျေးရွာဒေသခံများနှင့် ကြိုင်တင်ညှိနှိုင်းသဘောတူညီခဲ့မှု မရှိခြင်း၊ လမ်းမီးကိစ္စတွင် သပြေရွာသစ်မှ တစ်အိမ်လျှင် ရ၆၀၀ ကျပ်၊ နှစ်ကရင်ကျေးရွာတွင် တစ်အိမ်လျှင် ၅၉၅၀ ကျပ်နှုန်း၊ ၀န်ဆောင်ခ တစ်အိမ်ကို ၅၀၀ ကျပ်နှုန်း ကောက်ခံလာသည်ကို ဒေသခံများမခံရပ်နိုင်သည့်အတွက် ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ပြီး ညှိနှိုင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

    ယင်းညှိနှိုင်းပွဲတွင် ပြည်နယ်လွှတ်တော်ဒုဥက္ကဌနှင့် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူရေးကြီးကြပ်ရေးကော်မတီ၊ ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ််ဖြန့်ဖြူးရေးကုမ္ပဏီ ၃ ခု၊ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံလျှပ်စစ်မီးလင်းရေးညှိနှိုင်းရေးကော်မတီများ၊ နယ်မြေခံအုပ်ချုပ်ရေးမှူးများနှင့် ရွာသားအချို့တက်ရောက်ခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

    အလားတူ အစိုးရလျှပ်စစ်မီး လုံးဝမရရှိသေးသည့် ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးလျှက်ရှိသော မြတ်သူရထွန်းကုမ္ပဏီက တစ်ယူနစ် ၄၅၀ ကျပ်နှင့် SEGEP ကုမ္ပဏီက ၃၉၅ ကျပ် ကောက်ခံနေသည့်အပေါ် လက်ရှိစက်သုံးဆီစျေးနှုန်းအရ အရှုံးပေါ်နေကြောင်း ကုမ္ပဏီပိုင်ရှင်များက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks