spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၀၂၀ ခုနှစ်မတိုင်မီ ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံမူများချမှတ်ရန် မဖြစ်နိုင်သေးဟု နိုင်ဟံသာပြော

    ၂၀၂၀ ခုနှစ်မတိုင်မီ ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံမူများချမှတ်ရန် မဖြစ်နိုင်သေးဟု နိုင်ဟံသာပြော

    -

    ၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ရာစုပင်လုံ နောက်ထပ်ညီလာခံ (၃)ကြိမ်ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာအခြေခံမူများချမှတ်ရန် မဖြစ်နိုင်သေးဟု မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ယနေ့တွင် စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ဖွင့်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပြောကြားသည့် မိန့်ခွန်းအပေါ် သူကပြန်လည်ထောက်ပြခြင်းဖြစ်သည်။

    “မဖြစ်နိုင်ဘူးလို့ ကျနော်မြင်တယ်၊ ၂၀၂၀ မတိုင်ခင် ဖက်ဒရယ်ဆိုင်ရာအခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် လုံးဝမဖြစ်နိုင်ပါဘူး၊ အခုကတည်းက ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းကိုမှ မဆွေးနွေးဖြစ်သေးဘူး၊ ဆွေးနွေးတော့မယ်ဆိုတာနဲ့ တဖက်နဲ့တဖက် တစ်ဆို့မှုတွေ ဖြစ်လာမှတော့ ဒီကိစ္စကိုင်တွယ်ရတာ သိပ်တော့မလွယ်ကူလှပါဘူး” ဟု ဆိုသည်။

    ဖက်ဒရယ်အခြေခံမူများနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ဖြစ်ကြောင်း တပ်မတော်အစုအဖွဲ့က လက်ခံထားသဖြင့် ပြန်လည်ပြင်ဆန်ရန် မလွယ်ကူကြောင်း သူက ဆက်ပြောသည်။

    ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ဖွင့်ပွဲ ဓါတ်ပုံအမှတ်တရရိုက်ကူးစဉ်(MNA)

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူများနဲ့ ပတ်သက်တဲ့အမြင်တွေ ညှိဖို့က အင်မတန်အရေးကြီးသလို၊ အင်မတန် နက်နဲ၊ သိမ်မွေ့တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာ ဒီကိစ္စဆွေးနွေးရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ဒီကိစ္စရဲ့ကြီးမားတဲ့အရေးပါမှုကို ကျွန်မတို့အားလုံး သတိရှိနေကြမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး” ဟု ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ(၁)ကြိမ်၊ လာမည့် ၂၀၁၉ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ရန်၊ အဆိုပါ ညီလာခံ(၃)ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများကို အပြီးအပြတ် ချမှတ်ပြီး အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

    သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့သဘောထားတွေ ကျနော်တို့ သိရပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရဲ့ ဇယား ၂- တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက်(၃၄) ချက်၊ ဇယား ၅- တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက်(၂၀) ချက်တို့ကို ပြင်ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များ တိုးချဲ့ပေးခဲ့ပါတယ်” ဟု နှုတ်ခွန်းဆက်အမှာစကား တွင် ထည့်သွင်းပြောကြားခဲ့သည်။

    ကိုယ်စားလှယ်များအနေဖြင့် ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရသည်အထိ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်စေလိုဟု ဗိုလ်ချုပ်မှူးကြီးက အလေးထားတိုက်တွန်းထားသည်ကို တွေ့ရသည်။

    နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂- MICC2 ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်အပါအဝင် နိုင်ငံခြားသံတမန်များ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ EAOs နှင့် နို်င်ငံရေးပါတီများ အစုအဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှှယ်များ၊ တတ်သိပညာရှင်များ၊ ဘိတ်ကြားသင့်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း CSOs များ စုစုပေါင်း ၁၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    အလားတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများကို သမ္မတဦးသိန်စိန်လက်ထက် ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်နှင့် NLD အစိုးရလက်ထက်၌ ၂၁ ရာစုပင်လုံအစည်းအဝေးများကို ၂ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်း(၁) တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ EAOs နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၅ ဖွဲ့မှ အချက် ၃၇ ချက်သာ လက်ရှိတွင် သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts