spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းSMD ကုမ္ပဏီလျှပ်စစ်ဓာတ်အားနှုန်းထားကောက်ခံမှု ဒေသခံများလက်မခံ

    SMD ကုမ္ပဏီလျှပ်စစ်ဓာတ်အားနှုန်းထားကောက်ခံမှု ဒေသခံများလက်မခံ

    -

    ရေးမြို့နယ်မြောက်ပိုင်း လမိုင်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသော Southern Myanmar Development –SMD ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားခ ကောက်ခံသည့်နှုန်းထားကိစ္စကို ဒေသခံများက လက်မခံနိုင်ဟု ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    တစ်ယူနစ်လျှင် ၄၂၅ ကျပ်အပြင် လမ်းမီးအတွက် တစ်အိမ်လျှင် ၁၂ ယူနစ်စာ ပေးဆောင်ရန် သပြေရွာသစ်နှင့် နှစ်ကရင်ကျေးရွာတွင် ပြေစာများ ပေးအပ်ပြီးနောက်ပိုင်း ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

    “ကျွန်တော်တို့နဲ့ သဘောတူထားတာနဲ့ အခုသူတို့လုပ်သွားတာက မကိုက်ညီဘူး။ မနေ့က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးတယ်။ ကျွန်တော်တို့ဘက်က တောင်းဆိုတာက ရေးကမြတ်သူရကုမ္ပဏီနဲ့ တန်းတူ ဖြစ်ချင်တယ်။ သူတို့ဘက်က လက်မခံသေးတော့ ကျွန်တော်တို့က ဒီမီးလင်းရေးကိစ္စကို ခေတ္တနားထားရမယ်” ဟု လမိုင်းမြို့ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူး နိုင်ဝေက ပြောသည်။

    မနေ့က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ၊ လမိုင်း၊ မော့ကနင်၊ တောင်ပြင်၊ တောင်ပုံ၊ ကော့ဒွတ် မီးလင်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း သိရသည်။

    ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က “ဒီနှုန်းထားအတိုင်းဆို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ မီးယူထား တဲ့ ၁၁ ရွာက အားလုံးကို ကျွန်တော်တို့ တစ်နေရာမှာ အစည်းအဝေးခေါ်မယ်။ အရင်တုန်းက သူတို့ပြောတဲ့ နှုန်းအတိုင်း ဖြစ်နိုင်ဖို့၊ လက်ရှိဆီစျေးအရ နှစ်ဦးနှစ်ဖက် ကိုက်ညီရမယ်။ မီးလင်းရေးကော်မတီတွေရော၊ အုပ်ချုပ်ရေးမှူးတွေရော အစည်းအဝေးထိုင်ပြီး ညှိနှိုင်းဖို့ လိုမယ်” ဟု ဆိုပါသည်။

    လက်ရှိတွင် နှစ်ကရင်၊ သပြေရွာသစ်တို့တွင် မီတာခများစတင်ကောက်ခံနေပြီး ကော့ဒွတ် နှင့် မော့ကနင်ကျေးရွာတို့တွင် လျှပ်စစ်မီးစတင်ပေးဝေလျှက်ရှိကာ လမိုင်းမြို့နှင့် အခြားကျေးရွာတွင် လျှပ်စစ်မီးတပ်ဆင်ပြီးစီးနေပြီး ချိတ်ဆက်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

    ပြီးခဲ့သော ဧပြီလ ဖွင့်ပွဲလုပ်ကတည်းက လမ်းမီးများ ထွန်းထားသောကြောင့် ယခုမှ စတင်ပြီး ကောက်ခံသည့်အတွက် လမ်းမီးစရိတ်များသွားကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုသည်။

    “အခု ကျွန်တော်တို့ သွားနေတဲ့အတိုင်း ဆက်သွားမယ်။ နောက်သုံးလေးလ ဒီနယ်တစ်ခုလုံးကို မီးအား အကုန်လုံး တပ်ပြီးပြီ အဲဒီအချိန်ကျဆိုရင် ကျွန်တော်တို့က တစ်ရွာချင်းစီ ညှိနှိုင်းပြီး ဒီလမ်းမီးကိစ္စကို ဖြေရှင်းသွားမယ်” ဟု SMD ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးညီညီလွင်က ပြောသည်။

    မီးသုံးစွဲသူများနှင့် ကုမ္ပဏီကြား သဘောတူညီချက် ရရှိမှသာ မီးများကို ချိတ်ဆက်သွယ်တန်းပေးမှာ ဖြစ်ပြီး လတ်တလောတွင် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သူကဆက်ပြောသည်။

    သို့ရာတွင် စီမံကိန်းစတင်အကောင်ထည်ဖော်ချိန်က စက်သုံးဆီစျေးအရ တစ်ယူနစ်လျှင် ၂၈၅ ကျပ်နှုန်း ကောက်ခံရန် သဘောတူညီချက်ရှိခဲ့ပြီး စက်သုံးဆီစျေး ၂၀ ရာခိုင်နှုန်း တက်/ကျ ရှိလျှင် မီးလင်းရေးကော်မတီနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းသွားရန် သဘောတူခဲ့ကြသည်။

    အလားတူ ရေးမြို့နှင့်အနီးတဝိုက် ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော မြတ်သူရကုမ္ပဏီအနေဖြင့် လမ်းမီးများကို ကောက်ခံခြင်းမရှိဘဲ တစ်ယူနစ်လျှင် ၄၅၀ ကျပ်ဖြင့်လည်းကောင်း ကျောင်းနှင့် ဘုရားစေတီတို့တွင် ၃၀ ယူနစ်အောက် ၂၀၀ ကျပ်နှုန်းနှင့် ၃၀ ယူနစ်ထက်ပိုလျှင် ၄၅၀ ကျပ် နှုန်းထားဖြင့် ကောက်ခံလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks