spot_img
Saturday, February 21, 2026
More
    spot_img
    Homeမေးမြန်းချက်UPDJC အတွင်ရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး(ခ) မင်းကျော်ဇေယျာဦးနှင့် ဆက်သွယ်မေးမြန်းချက်

    UPDJC အတွင်ရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး(ခ) မင်းကျော်ဇေယျာဦးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် လုပ်ငန်းကော်မတီများအဆင့်ဆင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို UPDJC အတွင်ရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး(ခ) မင်းကျော်ဇေယျာဦးနှင့် မွန်သတင်းအေဂျင်စီ MNA Online အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းချက် ဖြစ်ပါသည်။

    မေး– ဇွန်လ ၂၉ ရက်နေ့ (၁၅) ကြိမ်မြောက် UPDJC အစည်းအဝေးက ဘာတွေ ဆုံးဖြတ်ခဲ့ပါသလဲ?
    ဖြေ-လာမယ့် ဇူလိုင် ၁၁ ရက်နေ ၁၆ ရက်နေ့အထိ ညီလာခံ ၆ ရက်ကျင်းပမယ်၊ ညီလာခံမတိုင်ခင် ဇူလိုင် ၄-၅-၆ ရက်တွေမှာက UPDJC လုပ်ငန်းကော်မတီအစည်းအဝေး၊ ၈-၉ မှာ UPDJC အစည်းအဝေး ပြန်ထိုင်မယ်၊ ညီလာခံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ နိုင်ငံရေးကဏ္ဍမှာ ကျားမ တန်းတူညီမျှရေးနဲ့ဆိုင်တဲ့ ခေါင်းစဉ်းတစ်ခုပဲ ဆွေးနွေးမယ်၊ ကျန်တာ ဘာခေါင်းစဉ်မှ မဆွေးနွေးဘူး၊ ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သယံဇာတ ကဏ္ဍတွေမှာတော့ သိပ်ပြောစရာမရှိဘူး၊ လုံခြုံရေးကဏ္ဍကျတော့ အရင်ညီလာခံအတိုင်းပဲ ဆွေးနွေးတော့ ဆွေးနွေးမယ် ဒါပေမယ့် ဆုံးဖြတ်ချက် မချဘူး၊ ဒါကတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အလွတ်သဘောဆွေးနွေးခဲ့တာ မပြီးပြတ်သေးလို့လည်း ဖြစ်နိုင်ပါတယ်၊ သူတို့ အလွတ်သဘောဆွေးနွေးမှုတွေဆီက ရလဒ်တွေကို UPDJC ထံ မတင်ပြနိုင်သေးဘူး၊ ဒီကြားမှာလည်း သူတို့မှာ အလွတ်သဘောဆွေးနွေးမှု မရှိသေးဘူးလို့ သိရတယ်။

    မင်းဇေယျာဦး(ခ) မင်းကျော်ဇေယျာဦး(ဘယ်အစွန်ဆုံးလူ)(Facebook)

    မေး- အခုညီလာခံဟာ အရင်ညီလာခံထက် ဘာထူးခြားမှုတွေ ရှိနိုင်မလဲ?
    ဖြေ- အခုလာမယ့် ညီလာခံ ဒီဇိုင်းမှာ နည်းနည်းလေးပြောင်းထားတာရှိတယ်၊ ပြီးခဲ့တဲ့ညီလာခံမှာ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေကို များများလုပ်ခဲ့တယ်၊ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနဲ့ မြေယာနှင့် သယံဇာတကဏ္ဍအလိုက် ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒါပေမယ့် အခုဒီညီလာခံမှာဆိုရင် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေကို များများလုပ်သွားမယ်၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ EAO အစုအဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် စသည်အားဖြင့် အစုအဖွဲ့အလိုက် ဆွေးနွေးမှုတွေကို များများလုပ်သွားမယ်၊ ကဏ္ဍအလိုက်လည်းဆွေးနွေးမယ် ဒါပေမယ့် အစုအဖွဲ့အလိုက်ဆွေးနွေးမှုတွေကို ပိုပြီးလုပ်သွားမယ်၊ ဥပမာ ပထမရက်မှာ အစုအဖွဲ့အလိုက်၊ ဒုတိယရက်မှာ ကဏ္ဍအလိုက်၊ တတိယရက်မှာ အစုအဖွဲ့အလိုက် အဲလိုဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမယ်၊ အစုအဖွဲ့အလိုက်ဆွေးနွေးတာကို အချိန်ပိုပေးထားတယ်။

    မေး-အခု UPDJC မှာ စာတမ်းတွေ ဘယ်လောက်များ ရှိသလဲ?
    ဖြေ- အရင် UPDJC အစည်းအဝေးက ကျွန်တော်တို့ ပြန်ဆွေးနွေးဖို့ အချက် ၆ ချက်။ နောက်တစ်ခုက တိုင်းရင်း သားလက်နက်ကိုင် EAO ၅ ဖွဲ့ ပေါင်းပြီးတင်တဲ့ ၂၄ ချက်ပါတဲ့ စာတမ်းတစ်ခု။ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တင်တဲ့စာတမ်း၊ နိုင်ငံရေးပါတီတွေက စာတမ်းတွေရှိတယ်၊ လာမယ့် ဇူလိုင် ၄ ၊ ၅၊ ၆ ရက်မှာ ကျွန်တော်တို့ လုပ်ငန်းကော်မတီတွေ အသေးစိတ်ပြန်ပြီး ဆွေးနွေးကြမယ်။ ပြီးရင် UPDJC ကိုတင်မယ် အဲကနေတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို သွားမှာပါ။

    မေး- ဥပမာအားဖြင့် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ လာတဲ့စာတမ်းထဲက အကြောင်းအရာတစ်ခုလောက် သိပါရစေ၊ မူဝါဒထွက်လာတဲ့အထိ အဆင့်ဆင့် ဘယ်လိုဆောင်ရွက်ရပါသလဲ?
    ဖြေ-ဥပမာ ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ တက်လာတာရှိတယ်၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပေါ့၊ အရင်ဆုံး မူဝါဒရေးဆွဲရမယ်ဆိုတဲ့နေရာမှာ မူဝါဒကို ဘယ်သူတွေ ရေးဆွဲခွင့်ရှိသလဲ၊ ရေးဆွဲခွင့်ကို ပြည်ထောင်စုရော ပြည်နယ်ရောပါရမယ်၊ အဲဒီရေးဆွဲခွင့်ပြီးမှ မူဝါဒတွေက ဘာတွေလဲဆိုတာ ထပ်ခွဲပြီးဆွေးနွေးတဲ့အခါ မွန်ကလာတဲ့စာတမ်းကို ထည့်သွင်းစဉ်းစားဖို့ အဲဒီလို အချက်အလက်တွေကို စုစည်းတာတွေ လုပ်ရတယ်၊ အခုပြီးခဲ့တဲ့ လုပ်ငန်းအစည်းအဝေး ၃ ရက်မှာ First Draft တွေရတာပေါ့၊ အဲဒါကို ကိုယ်နဲ့သက်ဆိုင်တဲ့ အစုအဖွဲ့ကို အခုရက်တွေမှာ ပြန်ပြီးရှင်းပြမယ်၊ လာမယ့် ဇူလိုင် ၄-၅-၆ ကျရင် အဲဒီရလာတဲ့မှတ်ချက်တွေနဲ့့ ကျနော်တို့လုပ်ငန်းကော်မတီက ပေါ်လစီတွေ ရေးကြတာမယ်။ ပြီးခဲ့တဲ့လုပ်ငန်းကော်မတီအစည်းဟာ စာတမ်းတွေကို အခု First Draft အဖြစ်စုစည်းပြီး UPDJC ကနေ အတည်ပြုခဲ့တာကို ရှေ့လုပ်ငန်းကော်မတီအစည်းအဝေးမှာ မူဝါဒရေးဆွဲသွားဖို့ပါ။

    မေး-လုပ်ငန်းကော်မတီအစည်းအဝေး အခင်းအကျင်းပုံစံ ပြောပါဦး?
    ဖြေ-လုပ်ငန်းကော်မတီဆိုတာက ညှိနှိုင်းနေတဲ့စားပွဲဝိုင်းဖြစ်တယ်၊ ညှိနှိုင်းတဲ့စားပွဲဝိုင်းဖြစ်တော့ ၁၀၀% အပြည့်ရဖို့ မျှော်လင့်လို့မရဘူးပေါ့၊ အပေးအယူတော့ ရှိကြတာပေါ့၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်က တင်တာရှိတယ်၊ နိုင်ငံရေးပါတီက တင်တာရှိတယ်၊ အစိုးရသဘောထား ရှိတယ်၊ ဒီဟာလေးတွေ ညှိနှိုင်းပေးတဲ့ သဘောရှိတယ်၊ ဆုံးဖြတ်ချက် အတည်ပြုချက်က UPDJC မှာ ရှိတယ်။ UPDJC က အမြင့်ဆုံးပါ၊ လုပ်ငန်းကော်မတီက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာသယံဇာတ ခေါင်းစဉ် ၅ ခုအတိုင်းပါ၊ ဥပမာ ကျနော််တို့ စီးပွားရေးကဏ္ဍ လုပ်ငန်းကော်မတီမှာဆိုရင် ၁၅ ယောက်ရှိတယ်၊ အစုအဖွဲ့အနေနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ် ၅ ယောက်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် ၅ ယောက်၊ နိုင်ငံရေးပါတီက ၅ ယောက်ပေါ့၊ ပညာရှင် ၃ ယောက် ခေါ်ခွင့်ရှိတယ်၊ နောက် မှတ်တမ်းအဖွဲ့ရှိတာပေါ့။ သက်ဆိုင်တဲ့အစုအဖွဲ့တွေရဲ့ Facilitator တွေရှိမယ်၊ အထောက်အကူပြုတွေကို မှန်းကြည့်ရင် တစ်ဖွဲ့မှာ ၈ ဦးကနေ ၁၀ ဦး ဝန်းကျင်လောက်ရှိပါတယ်။ ဆွေးနွေးခွင့်ရှိတာက အစုအဖွဲ့ကိုယ်စားလှယ်တွေပါပဲ၊ ကဏ္ဍကြီး ၅ ခုစလုံးကို ဆွေးနွေးပါတယ်။

    မေး-ကဏ္ဍအလိုက်ဆွေးနွေးတဲ့ခေါင်းစဉ်တွေထဲမှာ အသစ်တွေ ဘာတွေပါသလဲ?
    ဖြေ- အများအားဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍတွေကလွဲရင် လူမှုရေး၊ စီးပွားရေး၊ မြေယာသယံဇာတတွေက အရင်ဆွေးနွေးခဲ့ဘူးတဲ့ ခေါင်းစဉ်တွေလိုပါပဲ၊ နိုင်ငံရေးနဲ့ လုံခြုံရေးကျတော့ သူတို့ခေါင်းစဉ်ညှိရတဲ့အပိုင်းတွေ ရှိတာပေါ့။ အသစ်တွေ မရှိသလောက်ပါ။
    မေး- ဖြည့်စွက်ပြောလိုတာများ ရှိပါသလား?
    ဖြေ-မရှိပါ-ကျေးဇူးတင်ပါတယ်။
    မေး-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks