spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တက္ကသိုလ်၌ ဆန္ဒပြရန်ပြင်ဆင်နေစဉ် ညှိနှိုင်းမှုကြောင့်ပြေလည်မှုရရှိ

    မော်လမြိုင်တက္ကသိုလ်၌ ဆန္ဒပြရန်ပြင်ဆင်နေစဉ် ညှိနှိုင်းမှုကြောင့်ပြေလည်မှုရရှိ

    -

    မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် မွန်ပြည်နယ်အတွင်းရင်ဆိုင်နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲ ကျင်းပခွင့်ပိတ်ပင်ခံရသည့်အတွက် Mawlamyine University Environmental Club-MUEC က ယနေ့ နံနက် ၉ နာရီတွင် မော်လမြိုင်တက္ကသိုလ်၌ ဆန္ဒပြရန်ပြင်ဆင်နေစဉ် ပါမောက္ခချုပ်နှင့်တွေ့ဆုံညှိနှိုင်းကြရာ ပြေလည်မှုရရှိခဲ့ကြောင်း ဦးဆောင်သူ ကိုအောင်မြင့်ဦးက ပြောသည်။

    “ကျွန်တော်တို့ညှိနှိုင်းမှုကတော့ အဆင်ပြေတာပေါ့နော်၊ နောက်ပြီးတော့ ဆရာမကြီးကိုယ်တိုင် ဒီ ၆ ရက်နေ့ကို သူ့အနေနဲ့ လုံဝကို မလုပ်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း တောင်းပန်စကားတွေ ပြေလာတာတွေ ရှိတယ်။ ဆရာမကြီးကလည်း စကားပြေပြေလည်လည်ပြောခဲ့တယ်၊ သူတို့ဘက်ကလည်း အခက်အခဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောလာတာတွေရှိတယ်” ဟု ကိုအောင်မြင့်ဦးက ဆိုသည်။

    MUEC မှ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ်(MNA)

    မော်လမြိုင်တက္ကသိုလ်ဒဿနိကဗေဒဌာန တွဲဖက်ပါမောက္ခ ဆရာဦးလေးမောင်မှ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမီမီစိန်နှင့် ဒုတိယအကြိမ် ညှိနှိုင်းမှု အဆင်ပြေခဲ့သည့်အတွက် ဆန္ဒဖော်ထုတ်မည့်အစီအစဉ်ကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့ကလည်း ဆန္ဒပြတာတွေ သိပ်မဖြစ်ချင်ဘူး၊ အေးအေးဆေးဆေးပဲ ဖြစ်စေချင်တယ်၊ အတတ်နိုင်ဆုံး ညှိနှိုင်းမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ကြိုစားတယ်၊ ဆရာမတို့ဘက်ကလည်း လိုက်လျောပေးတယ်၊ ကိုယ်ဖြစ်ချင်တာကို ကိုယ်ပြောတယ်၊ ညှိရင်းညှိရင်းနဲ့ ရက်ရွေ့ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ အဆင်ပြေသွားတယ်”ဟု ကိုအောင်မြင့်ဦးက ပြောသည်။

    မိမိတို့ MUEC အနေဖြင့် လာမည့်ဇူလိုင်လတတိယ သို့မဟုတ် စတုတ္ထအပတ်တွင် အဆိုပါဟောပြောပွဲကို ရက်ရွေ့ဆိုင်းကျင်းပရန်တောင်းခံခဲ့ပြီး ဟောပြောမည့် ဆရာများကို ပြန်လည်ဖိတ်ကြားရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

    “ကျွန်တော်အမြင်အနေနဲ့ သူတို့လုပ်ပုံက မသေမချာဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်၊ ခွင့်ပြုမိန့်ပေးမယ်ဆိုလို့ စပြီးတင်ကတည်းက သူတို့ စိစစ်ပြီးသား ဒါက ဖြစ်သင့်တယ်လို့ သူတို့ယူဆလို့ ခွင့်ပြုမိန့်ပေးတာပေါ့၊ နောက်ပိုင်း ဘယ်လိုအကြောင်းပြချက်တွေကြောင့်လဲ မသိဘူး သူတို့ ပြန်ရုပ်သိမ်းလိုက်တယ်၊ ဒီလိုမျိုးတော့ လုပ်သင့်တဲ့ကိစ္စမျိုးတော့ မဟုတ်ဘူးလို့ မြင်တယ်”ဟု မော်လမြိုင်တက္ကသိုလ် ကျောင်သားများသမဂ္ဂ အလုပ်အမှုဆောင် ကိုပြည့်ဖြိုးလွင်က ဆိုသည်။

    သို့ရာတွင် အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများက မော်လမြိုင်တက္ကသိုလ်တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းသော်လည်း ပြန်လည်ဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

    အဆိုပါ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ အခက်အခဲများ ဟောပြောပွဲကို ပေါင်းကူးအဖွဲ့နှင့် ပူပေါင်း၍ လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် ပင်မဆောင် အခန်း (၁ဎ) ၌ ကျင်းပခွင့်ကို ဇွန်လ ၂၆ ရက်က ထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း ပြန်လည်စိစစ်မည်ဟုဆိုကာ ခွင့်ပြုချက်ကို နောက်တစ်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း MUEC မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks