spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် UPDJC လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကျင်းပပြီးစီး

    (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် UPDJC လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကျင်းပပြီးစီး

    -

    စီးပွားရေးကဏ္ဍလုပ်ငန်းကော်မတီ အစည်းအဝေး(Hla Ma Shwe)

    မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးအတွက် တင်သွင်းမည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍကြီး(၅)ရပ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC2 ၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

    စီးပွားရေးကဏ္ဍလုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်ခဲ့သူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက “ရလာတဲ့စာတမ်းတွေကို စုစည်းပြီး အခုပထမအကြိမ်မှာတော့ ဘယ်အချက်တွေက မူဝါဒဖြစ်သလဲဆိုတာ ညှိနှိုင်းဆွေးနွေးတယ်၊ နောက်ပြီးရင် ဒီစာတမ်းတွေကို UPDJC မနက်ဖန်အစည်းအဝေး(ဇွန် ၂၉) မှာ အတည်ပြုမယ်၊ အတည်ပြုပြီးမှ လုပ်ငန်းကော်မတီမှာ ဆက်ဆွေးနွေးရဦးမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါဆွေးနွေးချက်များတွင် ယခင်လက်ကျန်အစည်းအဝေးမှ ပြန်လည်ဆွေးနွေးရမည့်အချက် (၆) ချက် စာတမ်း၊ တိုင်းရင်းသားလက်နက်ကိုင် EAOs များမှ KNU,DKBA, KNU/KNLA-PC ကရင်လက်နက်ကိုင်(၃) ဖွဲ့၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး CNF စာတမ်းများကို စုစည်းထားသည့် စာတမ်း၊ နိုင်ငံရေးပါတီများ စာတမ်းနှင့် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စာတမ်းတို့ ပါဝင်သည်ဟု ၄င်းက ဆက်ပြောသည်။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အရင် (၁၀) ကြိမ်မြောက် UPDJC အစည်းအဝေးက ကျွန်တော်တို့ ပြန်ဆွေးနွေးဖို့ ပို့ပေးလိုက်တဲ့ အချက် ၆ ချက်ရှိပါတယ်။ အဲဒါတွေ ကျွန်တော်တို့ အားလုံး ဆွေးနွေးပြီးပါပြီ။ နောက်တစ်ခုက တိုင်းရင်း သားလက်နက်ကိုင် ၅ ဖွဲ့ ပေါင်းတင်တဲ့ ၂၄ ချက်ပါတဲ့ စာတမ်းတစ်ခုရှိပါတယ်။ အဲဒီထဲက ၁၃ ချက်ဆွေးနွေးပြီးပါပြီ။ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တင်တဲ့ အချက် ၇၁ ချက်နဲ့ နိုင်ငံရေးပါတီတွေကတင်တဲ့ အချက် ၈ ချက်ကိုလည်း တစ်ဝက်ကျော် ဆွေးနွေးပြီး ပါပြီ။ ယခုဆွေးနွေးချက်တွေအားလုံးကို တိုင်းရင်းသားတွေက သူတို့ရဲ့ တာဝန်ရှိတဲ့ သူတွေဆီ ပြန်ယူသွားမယ်။ လာမယ့် ဇူလိုင် ၄ ၊ ၅၊ ၆ ရက်မှာ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးပါမယ်။ အဲဒါပြီးရင် UPDJC ကတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို တင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

    အထက်ပါစာတမ်းများကို စုစည်း၍ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများ ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ ကျား/မ တန်းတူ ညီမျှမှုရေး၊ ဖက်ဒရယ်စနစ်တွင် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံရမည့်မူများ၊ စျေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင်ရေး၊ တိုင်းရင်းသား စာပေ သင်ကြားရေး၊ တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ၊ ဝတ်စားဆင်ယင်မှု၊ သမိုင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ကာကွယ်ထိန်းသိမ်းရေး၊ လူတိုင်း အကျုံး ဝင်သော ပညာရေးစနစ်၊ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံ နိုင်သည့် ကျန်းမာရေး စနစ်ဖော်ဆောင်ရေး၊ အနာဂတ်တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့်ပြည်ထောင်စုတွင် တပ်မတော်တစ်ခုတည်းထားရှိရေး အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    ၃ ရက်ကြာကျင်းပခဲ့သည့် အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC လုပ်ငန်းကော်မတီ အစည်းအဝေးကို ကဏ္ဍကြီး ၅ ရပ်ခွဲ၍ တစ်ခုစီတွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်ကိုယ်စားလှယ် (၄) ဦး ၊ တိုင်းရင်းသားလက်နက်ကိုင် EAO ကုိယ်စားလှယ် (၄) ဦး ၊ နိုင်ငံရေးပါတီများကိုယ်စားလှယ် (၄) ဦး၊ UPDJC အတွင်းရေးမှူး (၃) ဦး စုစုပေါင်း (၁၅) ဦး ပါဝင်ကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks