spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးဇွန်မိုး၊ မလုံသည့်ခေါင်နှင့် ကမ်းနားသစ်ပင်များ

    ဇွန်မိုး၊ မလုံသည့်ခေါင်နှင့် ကမ်းနားသစ်ပင်များ

    -

    ကမ်းနားသစ်ပင်(Internet)

    တံစက်မြိတ်မှ တဖြောက်ဖြောက်ကျနေသည့် ဇွန်မိုးစက်များကို အဓိပ္ပါယ်မဲ့ ကျွန်တော်ငေးနေမိသည်။ ဇွန်မိုးကအငြိုးကြီးစွာရွာသွန်းေနဆဲ။ နှစ်ဦးနှစ်ဖက် ထပ်တူပြုမရေးဆွဲနိုင်သည့် သီအိုရီပေါင်းများစွာ ထင်ကျန်ေနသည်။ လမ်းစပျောက်သူတစ်ယောက်ပမာ ရေရေရာရာဆွဲထုတ်ပြသခွင့်မရသော ချိတ်ပိတ်ခံနံနက်ခင်းများထဲ အိပ်စက်ဖို့ခက်ခဲနေသည်။ အရိုးစွဲဝါဒနှင့် ဂျပ်ပင်ထိုးဖို့ခက်ခဲသော သစ်ရွက်အသေပေါ်က မာနမျဉ်းပြိုင်များ။

    ဇွန်မိုးစက်တွေ ကျွန်တော့်ခန္ဓာအနှံ့ ရွှဲနစ်သည်အထိ လာရောက်ပက်ဖြန်းသည်။ ဓာတ်မတည့်မှုတွေ အဖုအပိမ့်များစွာဖြင့် တလက်လက်ထလျှက်။ စိတ်ထိခိုက်စရာ အခိုက်အတန့်များလည်း တွေ့ကြုံခဲ့သည်။ တုန်လှုပ်ခြောက်ခြားဖွယ် မိုးသည်းညများလည်း ဖြတ်သန်းခဲ့ကြသည်။ ပျော်စရာများဆိတ်သုဉ်းနေဆဲ။ မျှော်လင့်ချက်များလမ်းစပျောက်ေနဆဲ။ မိုးသည်းညက ဆက်လက်ရှည်ကြာနေသည်။

    ဓါတ်မတည့်မှုကို မည်သို့သောခေတ်မီဆေးနှင့် ကာကွယ်ရမည်နည်း။ အတူတကွရုန်းကန်ခဲ့ပြီးမှ ဖောက်ပြန်သွားသည့် ပြပွဲနောက်ကွယ်က မျက်လှည့်များ။ လူသားဆန်ပြီ နွေးထွေးသောရင်ခွင်ကို တောင့်တနေမိသည်။ အဆင်ပြေပြေ လုပ်ကိုင်စားသောက်နိုင်ဖို့ပင် အခြေအနေတွေ ဆိုးရွားလွန်းလှသည်။

    လုပ်အားယိုဖိတ်မှုက အဆိုးသံသရာကို ဆွဲဆန့်ထားဆဲ။ ပြဇာတ်မဆန်သည့် ငရဲခန်းညနက်နှင့်အတူ အိပ်တန်းတက်ချိန်များ ဆက်လက်နောက်ကျနေသည်။ မိုးသည်းညက ဆက်လက်ရှည်ကြာနေဆဲ။

    အနာနှင့်ဆေး တေ့လွဲသည့်အဖြစ်များ ဆက်တိုက်ကြုံခဲ့ရသည်။ ရေပေါ်ဆီ အသွေးအသားကို ပိုမိုစုံမက်လာသည်။ ငြိမ်းချမ်းရေးသည် ရောင်းကုန်ပမာ စျေးပေါလာသည်။ သောကမီးလျှံများ ရင်ဘတ်ကိုယ်စီ တောက်လောင်နေဆဲ။ အကောင်းဆုံးရလာဒ်တစ်ခုဆီ ဦးတည်ဖို့အတွက် ခံနိုင်ရည်စွမ်းအားများ မွေးမြူရလိမ့်မည်။ ဇွန်မိုးစက်က ပရိယာယ်များနေဆဲ။ ဆုပ်ခေတ်၏အတိတ်နိမိတ်ပမာ သဘာဝကပ်ဘေးများ ဆက်တိုက်ကြုံတွေ့လာသည်။ ဌာနေမှာ အေးချမ်းစွာနားခိုနိုင်ရန် အိမ်အပြန်လမ်းဟာ ဝေးကွာနေဆဲ။ မိုးသည်းညက ဆက်လက်ပြင်းထန်နေသည်။

    တစ်ခါတစ်ရံ ဘာမှမဟုတ်သည့် အကြောင်းတရားများသည် ကြီးမားသောအကျိုးတရားကို ဖြစ်ထွန်းစေသည်။ ပြဿနာမရှိဟုထင်ရသည့် မျှော်လင့်မထားသော အရာအချို့တို့သည်လည်း ပြင်းထန်သောဆိုးကျိုး ပေးလာတတ်သည်။ မမြဲခြင်းနိယာမတရားအောက် ကတုံးပေါ်ထိပ်ကွက်၊ အချောင်သမားများ ပိုမိုနေရာရလာသည်။ မျက်ကန်းမျိုးချစ်များ၏ အဆင်အခြင်မဲ့လုပ်ရပ်ကို အားပေးအားမြှောက်မှု ပြုလာသည်။ ဘုန်းတော်ဘွဲ့များ ကြီးကြီးကျယ်ကျယ် ဖွဲ့ဆိုကြသည်။ ဇွန်မိုးစက်တွေ ဆက်လက်ဒုက္ခပေးနေဆဲ။

    မိုးဖွဲဖွဲကျနေသည့် လယ်ကွင်းစိမ်းကို ကျွန်တော်ဖြတ်လျှောက်မိသည်။ အအေးဒဏ်က ကျောရိုးမကြီးထိတိုင် စိမ့်ဝင်ပျံ့နှံ့သွားသည်။ အပြင်ပန်း အေးမြမှုကိုခဏသာ ခံစားမိသည်။ ကမ်းနားသစ်ပင်ဘဝတွင် နပ်မမှန်သေးသည့် နံနက်ခင်းသစ်တွေအကြောင်း ညည်းချင်းမထုတ်လိုတော့။ ဖန်တရာတေပုံစံခွက်ထဲ မလုံသေးသည့်ခေါင်အကြောင်း ဆင်ခြေမပေးလိုတော့ပါ။ ပိုမိုကျပ်တည်းလာသည့် အကြောင်းတရားများကို မည်သို့ကျော်ဖြတ်ရမည်ကိုသာ ကျွန်တော်နည်းလမ်းထုတ်နေမိသည်။

    ဦးတည်ချက်ပျောက်ဆုံးနေသော ဆုံမှတ်များကို အကောင်းဆုံးအဖြေ ရှာဖွေဖော်ထုတ်ရန်ခက်ခဲနေသေးသည်။ ဖုတ်လိုက်ဖုတ်လိုက်နှင့် အသက်လုရှူရသည့် ကျွန်တော့်ရဲ့အိမ်တွင်းရေးကို ဖောက်သည်မချဖြစ်တော့ပါ။ အက်ဆစ်ဓာတ်ရောနှောနေသည့် ဇွန်မိုးစက်၏ ဓာတ်မတည့်မှုအတွက်သာ မှန်ကန်သောကုသမှုကို ကျွန်တော်လိုလားတောင့်တမိသည်။

    လူသားတိုင်း အသက်ရှင်သန်ဖို့အတွက် နောက်ဆုံးအခြေအနေထိ ရုန်းကန်ကြသည်။ အမြဲတမ်းစိုးရိမ်မှုတို့ဖြင့် ရှင်သန်လာရသောဘဝကို ရွံမုန်းလာသည်။ အာမခံချက်မရှိသောဘဝသည် ကွင်းပြောင်ထဲက အပင်ငယ်ပမာ။ ဖွံ့ဖြိုးကြီးထွားရန်အတွက် ကြ့ံခိုင်မှုစွမ်းရည်ဖြင့် အတော်ကျားကန်ထားရလိမ့်မည်။ ကျောတစ်ခင်းစာသည် မည်မျှခက်ခဲကြောင်း ခံစားဖူးသူတိုင်း နားလည်သည်။ ခေါင်မလုံသည့်အိမ်နှင့် ငတ်ပြတ်နေသည့်ဘဝသည် ညတာရှည်လွန်းလှသည်။

    လယ်ကွင်းများအလယ် အကောင်ပလောင် လိုက်ကောက်နေသည့် အရွယ်မတိုင်သေးသော ကျောင်းနေရွယ်ကလေးငယ်များကို ကျွန်တော်ငေးမောမိသည်။ ပေတိပေစုတ်နှင့် တစ်ကိုယ်လုံးရွံ့ဗွက်များ ပေလူးနေသည်။ သူတို့ တစ်ခုခုကို သဲကြီးမဲကြီးရှာဖွေနေလျှက်။ သူတို့မျက်လုံးတွေ မျှော်လင့်ချက်ရောင်ခြည် တောက်ပနေသည်။ တစ်ခုခုကိုရှာဖွေသွားနိုင်မှသာ သူတို့ အိမ်အပြန်မျက်နှာပန်းလှမည်ဟု ကျွန်တော်ထင်သည်။ လယ်ကွင်းအရှေ့ဘက် ပေတရာလမ်းမပေါ် ဇိမ်ခံကားအကောင်းစားများက လုံခြုံရေးမီးတန်းအပြည့်နှင့် အရှိန်ပြင်းပြင်း မောင်းနှင်ဖြတ်သန်းသွားသည်။

    အခမဲ့ပညာရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မလွှမ်းခြုံနိုင်သေးပါ။ ဝမ်းရေးမီးတောက်က ပိုမိုခက်ခဲသည်။ အိပ်မက်များကျပျောက်၊ အိပ်ဆေးခပ်ညဉ့်နက်များကို ဆွဲဆန့်ထားဆဲ။ တစ်ကိုယ်ရည်လုံခြုံမှုသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည်ဟု ကျွန်တော်ထင်မိသည်။ မြင်ကွင်းများက ရိရွဲနေသည့်ပြည်တည်နာပမာ ရင်ဘတ်ကိုယ်စီ လှိုက်စားနေဆဲ။

    မဝရေစာလုပ်အားခနှင့် မလုံသည့်ခေါင်မိုးအကြောင်း။ ရာထူးအားကိုးပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေအကြောင်း ရိုးမယ်ဖွဲ့ပြောမနေတော့။ အဖာတရာထူထပ်နေသည့် မှောင်နေဆဲညအောက်က မလုံသေးသည့်ခေါင်ကိုသာ တွေတွေလေး ကျွန်တော်ကြည့်နေမိသည်။ လူသားမဆန်သည့်ဖြစ်ရပ်များသည် အမှန်တရားကို မျက်ကွယ်ပြုထားသလိုပါ။ ကမ်းနားသစ်ပင်ဘဝတွင် အမြစ်ခိုင်မာအောင် နည်းမျိုးစုံဖြင့် တောင့်ခံနေရသည်။
    မိုးညနေခင်းသည် စိုးရိမ်ပူပန်ခြင်းများစွာနှင့်။ ရာသီမရွေး ဖောက်ပြန်လာတတ်သည့် တောကိုမမှီနိုင်တော့သည့် ဥတုရာသီ ကပ်ဘေးများ ပိုမိုထူထပ်လာသည်။ ဖောက်ပြန်သွားသည့် သဘာတရားအောက် ရှင်သန်နေရသော သက်ရှိများမှာ ရင်တထိတ်ထိတ်။ အဆာပလာများ ဗိုက်ဖွင့်ခံနေရသည်မှာ အချိန်ကာလအားဖြင့်ကြာပေါ့။ ဆက်လက်ပြီးဗိုက်ဖွင့်ခံနေရဆဲ။ အထက်အောက်ကွာခြားချက်သည် မမျှတသည့် အသက်ရှူသံကြားက ကွက်ကြားမိုးပမာ။

    ဇွန်မိုးစက်များနှင့်အတူ စိမ်းလန်းခြင်းအခြားတစ်ဖက်တွင် ပူလောင်မှုများ ဒွန်တွဲထားသလိုပင်။ မိုးနှင့်အပြိုင်စစ်မက်များ ပိုမိုထူပြောနေသည်။ စိတ်မချမ်းမြေ့စရာ စစ်အနိဌာရုံများနိုင်ငံအနှံ့။ ထာဝရငြိမ်းချမ်းရေးသည် ကုန်စည်ြပပွဲတစ်ခုလား။ သားရေပင်တစ်ပင်လို လိုသလိုဆွဲဆန့်နိုင်သော အလျော့အတင်းများလား။ စစ်မှန်သောနေ့ရက်ရောက်ဖို့ အချိန်နာရီများ ရှည်ကြာနေဦးမည်။

    ဇွန်မိုးစက်များက ဂီတသံစဉ်တစ်ခုပမာ မလုံသည့်ခေါင်မှ တဖြောက်ဖြောက်ကျနေသည်။ ကျွန်တော့်အသက်ရှူသံ ပိုမိုမြန်ဆန်လာသည်။ သိုလှောင်ထားသော ထုတ်လုပ်မှုစားရိတ် တစ်လစာရိက္ခာဆန်များ လုံခြုံအောင်ထုပ်ပိုးထားရသည်။ ဇောချွေးများက မိုးနှင့်အပြိုင် တကိုယ်လုံးရွှဲနစ်နေသည်။ အမဲရောင်ဆိုးထားသည့် ကျေးလက်တောတန်းဖက် ညှို့မှောင်မှောင်နှင့် မုန်တိုင်းထန်တော့မည့် အသွင်ဆောင်နေသည်။ တဒင်္ဂတိတ်ဆိတ်နေခြင်းသည် မုန်တိုင်းမလာမီ ရှေ့ပြေးနိမိတ်များလား ကျွန်တော်သေချာမသိ။

    မိုးသည်းညအကြောင်း ဒိုင်ယာရီထဲအမှတ်တမဲ့ ကျွန်တော်ရေးခြစ်နေမိသည်။ ရေးခြစ်နေမိသည့် ယခုပစ္စုပ္ပန်သည် နောင်တစ်ချိန်တွင် မှတ်တမ်းကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထုတ်ဖော်မပြရဲသော လိပ်ပြာမလုံသည့် လိမ်ညာမှုတစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ ထိုအခြင်းအရာများသည် ဘဝစာမျက်နှာအတွက် ထိန်ချန်လို့မရသော ဖြစ်စဉ်များပင် ဖြစ်သည်။

    အနုပညာနယ်ပယ်အသီးသီးတွင် မိုးနှင့်ပတ်သက်သည့် ရာသီဘွဲ့အလှတရားများ ခံစားချက်အမျိုးမျိုးဖြင့် ဖွဲ့ဆိုကြသည်။ ကြောင်လက်သည်းဝှက်၊ ကျားငစဉ်းလဲပမာ မိုးနောက်ကွယ်မှ မြှုပ်ကွက်ကို မည်သူမျှမမြင်ကြပါ။ မိုးသည် အုပ်ဆိုင်းဆိုင်းနှင့် အိန္ဒြေကောင်းစွာငြိမ်သက်နေတတ်သည်။ တစ်ခါတစ်ရံ အငြိုးတကြီး ရွာချသည်။ တခါတလေ ပေါက်လုဆဲဆဲ ပါးပျဉ်းထောင်နေသည့် မြွေဟောက်တစ်ကောင်လို မာန်ဖီလျှက်ပေါ့။ အုပ်စုလိုက် အနိုင်ကျင့်ကောက်ကျစ်တတ်သည့် အိမ်ကျယ် ‘ခွေးအ’ များလိုလည်း အငြိုးထားတတ်သည်။ အခြေအနေ အချိန်အခါကိုလိုက်၍ အရေခွံအမျိုးမျိုး လဲလှယ်တတ်သေးသည်။

    ဇွန်မိုးစက်နှင့်အပြိုင် နေရာလပ်မကျန် စားသုံးခွင့်ရနေသူများက အတ္တတကြီး ဟန်ဆောင်ကောင်းနေဆဲပင်။ ကမ်းနားသစ်ပင်များမှာ အခြေခိုင်အောင် ဖြစ်သလိုရုန်းကန်နေရသည့် ရာသီခွင်လည်းဖြစ်သည်။ တိုးလိုက်သည့် လုပ်အားနှင့်အပြိုင် ကုန်စျေးနှုန်းတွေတရိပ်ရိပ်။ ဇွန်မိုးနှင့်အတူ မလုံသည့်ခေါင်မိုးများအကြောင်း၊ ငှက်မြန်လေးများ အနာဂတ်အကြောင်း၊ ချွေခြံခြွေတာရင်းနှင့် အကြွေးခေါင်းခိုက်နေသည့် အကြောင်းအရာများမှာ ကမ်းနားသစ်ပင်များအတွက် လစဉ်တွေ့ကြုံနေရသော မထူးတော့သည့်နိစ္စဓူဝပင်ဖြစ်သည်။

    မာယာများလွန်းသည့် ဇွန်မိုးစက်များကြား ကမ်းနားသစ်ပင်များမှာ အလဲလဲအပြိုြပို။ မရေရာစိတ်ကူးများပုံဖော်ရန် မနိုင်ဝန်များထမ်းပိုးထားရင်း ပို၍နစ်သထက်နစ်မြှုပ်သွားသည့် အိပ်မက်များစွာ။ အခြေခိုင်မာစွာရပ်တည်ဖို့ မဆုံးသောအဆိုးသံသရာထဲ အားကုန်ကူးခတ်နေဆဲ။ မတန်မရာပေးဆပ်မှုများသည် မလုံသေးသည့်ခေါင်ကိုပင် မဖာထေးနိုင်သေးပါ။ ခေါင်မှယိုစိမ့်ကျနေသည့် ဇွန်မိုးစက်များကိုငေးရင်း အစာအိမ်က ညာသံပေးအော်မြည်နေသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts