spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်တိုင်းရင်းသားအမည်ရှေ့တွင် ဦး/ဒေါ် မတပ်စေလိုကြောင်း မော်လမြိုင်ငြိမ်းချမ်းရေးစကားဝိုင်းတွင်တင်ပြ

    မွန်တိုင်းရင်းသားအမည်ရှေ့တွင် ဦး/ဒေါ် မတပ်စေလိုကြောင်း မော်လမြိုင်ငြိမ်းချမ်းရေးစကားဝိုင်းတွင်တင်ပြ

    -

    မော်လမြိုင် ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk(နိုင်ငံတော်အတိုင်ပင်ခံရုံး)

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်ဒေသခံတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk ကို မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့ရာ မွန်တိုင်းရင်းသူ မိငွေလေးက မွန်တိုင်းရင်းသားအမည်ရှေ့တွင် “ဦး/ဒေါ်” မတပ်စေလိုကြောင်း တင်ပြခဲ့သည်။

    မိငွေလေးက “ကျမတို့ မွန် မိန်းခလေးဆိုလို့ရှိရင် “မိ” ၊ ယောက်ျားလေးဆိုရင် မင်း (Mehm) ထည့်ချင်တယ်၊ ကျမတို့အထွဋ်အမြတ်ထားတဲ့အရာဖြစ်တယ်၊ မှတ်ပုံတင်ရုံးကို သွားတဲ့အခါကျတော့ သာမန်ပဲလို့ မြင်တဲ့အနေအထားရှိတော့ ပဋိပက္ခတွေရှိလာတယ်” ဟု ပြောသည်။

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ “မိလဝီဟန်” ဟူသည့် အမည်ကို “ဒေါ်မိလဝီဟန်” ဟု ရွေးကောက်ပွဲကော်မရှင်က “ဒေါ်”တပ်ခဲ့ကြောင်း၊ ပြင်ပေးရန် ပြောကြားရာတွင်လည်း ကော်မရှင်ကထည့်ကို ထည့်ရမည်ဟု ပြောဆိုခဲ့သဖြင့် “ဒေါ်” တပ်ခံခဲ့ရကြောင်း၊ ထိုကဲ့သို့ နောက်တကြိမ် မပြုလုပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခြင်း ဖြစ်သည်။

    မွန်အမျိုးသမီး မိငွေလေး(နိုင်ငံတော်အတိုင်ပင်ခံရုံး)

    ဒေါ်အောင်ဆန်းစုကြည်က “မွန်ယဉ်ကျေးမှုအကြောင်း သိပ်မသိတဲ့သူတွေက ရိုင်းရာကျမယ် ဆိုပြီး ဒေါ်မိငွေလေးတို့ မမိငွေလေးတို့ ခေါ်ရင် ခေါ်လိမ့်မယ်။ ဒါက သူတို့ မွန်ယဉ်ကျေးမှုကို တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ သမီးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး။ သူတို့ နားလည်သလို သူတို့ ပြောတာပါ။ ကျမတို့ ရဲ့ တိုင်းရင်းသားဝန်ကြီး ဆိုရင်လည်း တချို့က ဦးနိုင်သက်လွင် လို့ ခေါ်တာပဲ။ ဒါက ရိုသေသော အားဖြင့် လေးစားသော အားဖြင့် ခေါ်တာပါ။ နှိမ်ချတဲ့ အားဖြင့် ခေါ်တာ မဟုတ်ပါဘူး” ဟု ပြန်လည် ပြောဆိုခဲ့သည်။

    “ဦး/ဒေါ်” ဆိုသည်မှာ အရိုအသေပေးသည့်သဘောဖြစ်ကြောင်း၊ မကြိုက်ပါက “ဒေါ်” မထည့်ပါနှင့်ဆိုပြီး သာမာန် စာရေးသည့်အခါပြောဆိုနိုင်ကြောင်း၊ သို့ရာတွင် မှတ်ပုံတင်နှင့် အစိုးရ၏တရားဝင် စာတမ်းများတွင် သတ်မှတ်ထားသည့် စည်းကမ်းတကျပြုလုပ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

    တိုင်းရင်းသားရေးရာ လူမျိုးများဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးအေးမင်းကိုက တိုင်းရင်းသားနာမည်များကို ကာယကံရှင်ပြောကြားချက်အတိုင်း အမည်ရေးသားပေးရန် လဝကဝန်ကြီး ညွှန်ကြားထားပြီဟု ဆိုသည်။

    တိုင်းရင်းသားများ၏ အမည်နာမများရှေ့တွင် ဦး/ဒေါ် တပ်၍ပြောဆိုရေးသားခြင်းသည် “ဗမာ(မြန်မာ)မှု” ပြုသည်ဟု ခံစားရကြောင်း တိုင်းရင်းသားများအကြား ဝေဖန်ပြောဆိုနေသည်ကို တွေ့ရှိရသည်။

    အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုကျော်ဇင်ဦး(တတိယနှစ်-သချင်္ာ)၊ မဆန်းသီရိ(သူနာပြု)၊ ခွန်ထူးအောင်(NGO)၊ မိဇင်မင်းမွန်(ငြိမ်းဖောင်ဒေးရှင်း)၊ စောကျော်မိုး(စားသောက်ဆိုင်လုပ်ငန်းရှင်)၊ မိယဉ်နွန်စန်း(ဒုတိယနှစ်-ဥပဒေ)၊ ကိုထွန်းထွန်းလင်း(ကိုယ်ပိုင်ကျောင်း-ကျောင်းဆရာ)နှင့် မိငွေလေး(စေတနာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း)တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks